အန်ဂျေလူး မေတ္တာအကြောင်း




(Angelus) ဟူသော ဝေါဟာရသည် လက်တင်ဘာသာ ဆုတောင်းမေတ္တာ၏ ပထမစကားလုံးဖြစ်၍ “ကောင်းကင်သိကြားမင်း” ဟု အဓိပ္ပါယ်ရသည်။ ၄င်းမေတ္တာကို အမိမယ်တော်၏ ၀မ်းတော်တွင် သန့်ရှင်းသော ၀ိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ပဋိသန္ဒေစွဲ၍ လူ့အဖြစ်ကိုယူတော်မူသော
သားတော်ဘုရား၏ နက်နဲရာအချက်ကို အောက်မေ့သတိရရန် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် အမိအသင်းတော်က တစ်နေ့သုံးကြိမ် ရွတ်ဆိုခဲ့သည်။ အမှန်အားဖြင့် အန်ဂျေလူး (စ်) မေတ္တာကို နံနက် (၆)နာရီ၊ နေ့လည် (၁၂) နာရီ နှင့် ညနေ(၆)နာရီ တို့တွင် ရွတ်ဆိုလေ့ရှိခဲ့ကြပါသည်။
အန်ဂျေလူး(စ်) မေတ္တာကို နံနက်(၆)နာရီတွင် ရွတ်ဆိုခြင်းဓလေ့သည် ရသေ့ကျောင်းများနှင့် ကျောင်းပတ်ဝန်းကျင်တွင် နေထိုင်ကြသော သူများကို နံနက်မေတ္တာဆိုရန်အတွက် ခေါင်းလောင်းတီးပေးခြင်းမှ စတင်ထွန်းကားလာခဲ့ပါသည်။
နေ့လည်တွင် ရွတ်ဆိုခြင်းဓလေ့သည် နေ့လည်မေတ္တာဆိုရန်နှင့် သောကြာနေ့များတွင် သခင်ခရစ်တော် လက်ဝါးကားတိုင် တင်ခံရခြင်းကို သတိရရန် ခေါင်းလောင်းများတီးခြင်းမှ စတင်ခဲ့ပါသည်။ သခင်ခရစ်တော်၏ ဒုက္ခစရိယာခံထမ်းခြင်းနှင့် အသေခံတော်မူခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် ခေါင်းလောင်းများကို တစ်ချက်ချင်း ထိုးသည့်အခါ “ဂုဏ်ကျေးဇူးတော်မေတ္တာ” (၃)ကြိမ် ရွတ်ဆိုခဲ့ကြသည်။ နောက်ဆုံး ယနေ့ခေတ်တွင် ရွတ်ဆိုကြသော အလိုက်များ ဖြည့်စွက် ရွတ်ဆိုခဲ့ကြသည်။
ဤအလေ့အထကို (၁၄၆၅) ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ( Pope Calistus )က တူရကီလူမျိုးများ၏ ခြိမ်းခြောက်မှုကို ဆန့်ကျင်အောင်မြင်နိုင်ရန်အတွက် ကက်သလစ်ဘာသာတူများ အားလုံးကို နေ့တိုင်းရွတ်ဆိုရန် ဖိတ်ခေါ်ခဲ့သည်။ ညနေတွင် ရွတ်ဆိုသော အန်ဂျေလူး(စ်)မေတ္တာသည် ရန်သူတူရကီများ၏ ဘေးအန္တာရာယ်မှ ကာကွယ်သောသဘော၊ သတိပေးသော သဘောဖြင့် အပြင်မထွက်ကြရန် ဘုရားကျောင်းခေါင်းလောင်းများကို ညနေ(၆)နာရီတွင် တီးပေးခြင်းမှ စတင်ခဲ့ပါသည်။ မေတ္တာဆိုရန်လည်း ဖြစ်ပါသည်။
ထိုနည်းတူစွာ ပုပ်ရဟန်းမင်းကြီး ဒဿမမြောက် ပီအူး(စ်)ကလည်း ခရူစူးတိုက်ပွဲဝင်သူများ ဘေးကင်းလုံခြုံရန်အတွက် ၄င်းမေတ္တာကို ရွတ်ဆိုရန် အားပေးခဲ့သည်။  ဤအလေ့အကျင့်သည် ခရစ္စတူးသခင်၏ မြင့်မြတ်သော လူသားဘ၀ကို အစဉ်အမြဲ အထူးသဒ္ဒါကြည်ညိုသော ဖရန်စစ်(စ်)ကင် ရသေ့များ၏ ဖြန့်ဝေခြင်းဖြင့် ကျယ်ပြန့်လာခဲ့သည်။ အမှန်တကယ်အားဖြင့်လည်း (၁၃၁၈)ခုနှစ်ကတည်းကပင် ပုပ်ရဟန်းမင်းကြီး (Pope John 23)ကလည်း ဤအလေ့အထကို သဘောတူမှု ပြုခဲ့ပြီးဖြစ်သည်။ သို့သော် (၁၆)ရာစုတွင် ၄င်းမေတ္တာကို တစ်နေ့ သုံးကြိမ်ရွတ်ဆိုရန် ပုပ်ရဟန်းမင်းကြီး အဆက်ဆက်မှ ပူးပေါင်း၍ အတည်ပြုခဲ့ကြပြီး ရွတ်ဆိုရန် လိုက်လျောခဲ့သည်။
ယနေ့ခေတ်တွင် ပုပ်ရဟန်းမင်းကြီးကိုယ်တော်တိုင် တနင်္ဂနွေနေ့များနှင့် သီးခြားပွဲတော်နေ့ကြီးများတွင် သူ၏တမာန်တော် နန်းတော်ပြတင်းပေါက်မှ ထွက်လာပြီး အန်ဂျေလူး(စ်)မေတ္တာကို ဦးဆောင်ရွတ်ဆိုလေ့ရှိသည်။ ၄င်းမေတ္တာကို ဆိုသောအချိန်တွင် ပုပ်ရဟန်းမင်းကြီးဘက်မှ ကြိုတင်နှိုးဆော်မှု ပြုလုပ်ခြင်းနှင့် သူ၏ တမာန်တော်ကြီးနှင့်ဆိုင်သော ကောင်းကြီးမင်္ဂလာများပါ ပေးလေ့ရှိသည်။
အန်ဂျေလူး(စ်) မေတ္တာဆိုရာတွင် ခေါင်းလောင်းများကို အောက်ပါအစီစဉ်အတိုင်း တီးသည်။
၁) ဆုတောင်းပတ္ထနာတစ်ပိုင်း ရွတ်ဆိုတိုင်း ခေါင်းလောင်းကို သုံးကြိမ်ကျ တီးပေးရပြီး
၂) နောက်ဆုံးမေတ္တာ ရွတ်ဆိုသောအချိန်တွင် (၉)ကြိမ်တီးခြင်းဖြင့် အဆုံးသတ်ရသည်။
အန်ဂျေလူး(စ်)မေတ္တာကို ရွတ်ဆိုတိုင်း ဒူးထောက်၍ ရွတ်ဆိုပြီး စနေနေ့ ညနေခင်းများနှင့် တနင်္ဂနွေနေ့များတွင် မတ်တတ်ရပ်၍ ရွတ်ဆိုပြီး နောက်ဆုံး တတိယအပိုဒ်တွင် ဒူးထောက်ပေးရသည်။ (ထိုသို့ ဒူးထောက်ခြင်းသည် သခင်ယေဇူး၏ လူ့အဖြစ်ယူခြင်းကို ဂါရ၀ပြုခြင်းဖြစ်သည်။
သို့သော် ပါစကားကာလတွင် အန်ဂျေလူး(စ်) မေတ္တာအစား မယ်တော်သခင်မကို ဂုဏ်ပြုသောမေတ္တာ ( Regina Coeli) သီဆိုချိန်တွင် အမြဲမတ်တတ်ရပ်ရမည် ဖြစ်သည်။

No comments:

Post a Comment