“တရားမျှတမှု ကင်းမဲ့ခြင်း အားကောင်းလာခြင်းကြောင့် လူအများ၏
မေတ္တာစေတနာသည် အေးစက်ခမ်းခြောက်လာသည်။”
(ရှင်မာတေဦး အခန်းကြီး ၂၄ အခန်းငယ် ၁၂)
ညီအစ်ကို မောင်နှမ အပေါင်းတို့
- ဤနှစ်တွင်လည်း သခင်ခရစ်တော်၏ ပါစကား ကာလသို့ ချည်းနင်း ဝင်ရောက်လာပြန်ပေသည်။
အီစတာ အတွက် ကျွန်ုပ်တို့ ပြင်ဆင်နေသည့် အချိန်တွင် "ကျွန်ုပ်တို့ ပြုပြင်ပြောင်းလဲစေရန် စက္ကမင်တူးဆိုင်ရာ သင်္ကေတ တစ်ခု" အဖြစ် ဘုရားသခင်သည် ဝါတွင်းကာလအား နှစ်စဉ်နှစ်တိုင်း ကျွန်ုပ်တို့အား ပေးသနားတော်မူသည်။
- ဝါတွင်းသည် ကွန်ုပ်တို့ကို စုစည်းစေကာ ကွန်ုပ်တို့၏ ဘဝသက်တာ ကဏ္ဍတိုင်းတွင် ဘုရားသခင်အား စိတ်နှလုံးပြည့်ဝစွာ လက်ခံနိုင်စေရန် ကူညီပေးသည်။
- ဤသတင်းစကားဖြင့် ကျေးဇူးတော်များအား ပြန်လည် ဆန်းသစ်သည့် အချိန်ကာလတွင် အသင်းတော်တစ်ခုလုံး အတွက် ပြင်ဆင်ရန် ရွှင်လန်းဝမ်းမြောက်ခြင်းနှင့် သစ္စာတရားဖြင့် ကျွန်ုပ် မှာကြားလိုပါသည်။
- ကျွန်ုပ် ပြောကြားမည့် အကြောင်းအား ရှင်မာတေဦး ခရစ်ဝင်ကျမ်းမှ ကောက်နှုတ်ပါမည်၊
“တရားမျှတမှု ကင်းမဲ့ခြင်း အားကောင်းလာခြင်းကြောင့် လူအများ၏ မေတ္တာ စေတနာသည် အေးစက်ခမ်းခြောက်လာသည်။” (ရှင်မာတေဦး အခန်းကြီး ၂၄ အခန်းငယ် ၁၂)
- ခရစ်တော်သခင်သည် ထိုမိန့်မှာချက်အား နောက်ဆုံးအချိန်ကာလ အကြောင်း သွန်သင်သည့်အခိုက် ပြောကြားခဲ့သည်။ ခရစ်တော်သည် ဂျေရုစလင် သံလွင်တောင်၌ ဒုက္ခစရိယာ မခံမီ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
- တပည့်တော်များ မေးမြန်းလာသည့် အတွက်ကြောင့် ယေဇူးသခင်သည် ရှေ့ဆက် ဖြစ်လာမည့် မငြိမ်သက်မှု အတိဒုက္ခများအား ရှေ့ဖြစ်ပြောကြားခဲ့ပြီး ယုံကြည်သူ အပေါင်းတို့ ရင်ဆိုင်ရမည့် အခြေအနေကိုလည်း ပြောကြားခဲ့သည်။
- စိန်ခေါ်မှုကြီးများ အကြား လွဲမှားနေသော (ပရောဖက်) ဆရာသမားများ ပေါ်ပေါက်လာကာ လူအများ ယုံကြည်မှု လွဲမှားမြည် ဖြစ်ကြောင်း သမ္မာကျမ်းစာတော်၏ အနှစ်သာရဖြစ်သော ချစ်ခြင်းမေတ္တာသည် လူအများ၏ နှလုံးသား၌ အေးစက်ခြောက်သွေ့သွားမည် ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။
လွဲမှားနေသော (ပရောဖက်) ဆရာသမားများ
- သမ္မာကျမ်းစာမှ သတင်းစကားကို နားဆင်ကြ၍ ပရောဖက် အတုများ၏ လှည့်ကွက်အား နားလည်ရန် ကြိုးပမ်းကြပါစို့။
- ၎င်းတို့သည် “မြွေအလိမ္မာယ် ဆရာများ”ကဲ့သို့ အစပိုင်းတွင် လူအများ၏ စိတ်ကို ဖမ်းစားသည်။ ယင်းနောက် လူအများအား ၎င်းတို့ လိုလားသည့် အခြေအနေသို့ သွေးဆောင်သွားသည်။
- ဘုရားသခင်၏ သားသမီးများသည် အပေါ်ယံ သာယာမှုများအား စစ်မှန်သော ပျော်ရွှင်ခြင်းဖြင့် လွဲမှားမှတ်ယူကာ မည်မျှလောက် လှည့်စားခြင်း ခံနေရကြမည်နည်း။
- ချမ်းသာကြွယ်ဝခြင်းမည့် အိမ်မက် မျှော်မှန်းချက်ကို လိုက်လံကြသည့် အမျိုးသား၊ အမျိုးသမီးများသည် အကျိုးအမြတ်နှင့် အတိုးနှုန်းများ၏ ကျေးကျွန်သားကောင်များ ဖြစ်လာနေကြသည်။
- လူအများသည် မိမိတစ်ဦးတည်း ရပ်တည်နိုင်သည်ဟု အစဉ်အမြဲ ယုံကြည်ခဲ့ခြင်းကြောင့် အဆုံးတွင် အထီးကျန်ခြင်းကို ခံစားနေရသူများ မည်မျှလောက် များလိမ့်မည်နည်း။
- ပရောဖက် အတုများသည် ပြဿနာ အတိဒုက္ခများအား ရုတ်ချည်းဖြေရှင်းပေးနိုင်သည့် လွယ်ကူသော ဖြေရှင်းချက် ပေးသည့် “ဆရာသမားယောင်များ”ကဲ့သို့ ဖြစ်သည်။ ၎င်းတို့ ပြောသော ဖြေရှင်းချက်များသည် များမကြာမီပင် အသုံးမဝင်သည့် အခြေအနေများသို့ ရောက်ရှိကြသည်။
- လူငယ်များ အနေဖြင့်လည်း မသမာသည့် နည်းဖြင့် မူးယစ်ဆေးဝါးနှင့် မစစ်မှန်သော သမီးရည်းစား ချစ်ကြိုက်မှုများတွင် မည်မျှပင် ယစ်မျောနေကြသနည်း။
- လူအများသည်လည်း “အမြင်အားဖြင့်” (အင်တာနက် ကွန်ပျူတာမှ) တစ်ဆင့် မြန်မြန်ဆန်ဆန် ဒဲ့တိုးနည်းဖြင့် စတင်ခဲ့သော ဆက်ဆံရေးသည် အဆုံး၌ အဓိပ္ပာယ်ကင်းမဲ့စွာ မည်မျှပင် ပြီးဆုံးကုန်ကြသနည်း။
- ထိုသို့ အပေါ်ယံအား လိုက်ကြသူများသည် စစ်မှန်သည့် တန်ဖိုးကင်းသည့် အရာများဖြင့် အချိန်ကုန်ကြကာ လူသားထု တစ်ရပ်လုံးအား တန်ဖိုးမထားချေ။ လူသာလျှင် ဂုဏ်သိက္ခာ၊ လွတ်လပ်ခြင်းနှင့် ချစ်မြတ်နိုးနိုင်စွမ်းကို ပိုင်ဆိုင်ကြသူများ ဖြစ်ပါသည်။
- ထိုသို့ အပေါ်ယံ ကိစ္စရပ်များသည် ကျွန်ုပ်တို့အား အမြင်အားဖြင့် ဆွဲဆောင်ကြကာ အဆုံးတွင် ကျွန်ုပ်တို့အား အရူးလုပ် လှည့်စားသွားလေ့ရှိသည်။
- ထိုသို့ လှည့်စားသွားခြင်းကို ကျွန်ုပ်တို့ အံ့အားသင့်ရန်ကော လိုအပ်မည်လော။ ထိုအခြေအနေမျိုးအား သမ္မာကျမ်းစာက ဖော်ပြပြီး ဖြစ်ပါသည်။
- ရှင်ယောဟန် အခန်းကြီး ၈ အခန်းငယ် ၄၄ တွင် နတ်ဆိုးသည် “လိမ်ညာလှည့်ဖြားသူ၊ အလိမ်အညာများ အားလုံး၏ မွေးဖခင်” ဖြစ်ကြောင်း လူသားနှလုံးသားကို နားလည်မှုရှိစေရန် ဖော်ပြထားခဲ့သည်။ ထိုနတ်ဆိုးသည် မကောင်းမှု အပြစ်အား မင်္ဂလာ ကောင်းမှုအဖြစ်သို့ ရှုမြင်စေကာ လွဲမှားမှုအား အမှန် သစ္စာတရား အဖြစ်သို့ ထင်မှတ်ရန် လှည့်ဖြားတတ်ပါသည်။
- ထို့အတွက်ကြောင့် ထိုသို့သော ဆရာတု ဆရာယောင် ပရောဖက်တုများ၏ အလိမ်အညာ ပယောဂများမှ ကင်းဝေးရန် ကျွန်ုပ်တို့ မိတ်ဆွေများ တွဲဘက်များအချင်းချင်း ကူညီပေးကြရန် လိုအပ်ပါသည်။
- ကျွန်ုပ်တို့သည် အခြေအနေအား နီးကပ်စွာ လေ့လာရမည် ဖြစ်သလို အပေါ်ယံ မဟုတ်ပဲ နက်နက်နဲနဲ လေ့လာခြင်းဖြင့် နှလုံးသား၌ ကောင်းမြတ်ပြီး အဆုံးတိုင် တည်တံ့မည့် အရာအား အသိအမှတ်ပြု ရှာဖွေနိုင်မည် ဖြစ်ပါသည်။
- အစဉ်တည်မည့် ကောင်းမြတ်ခြင်းသည် ဘုရားသခင်ထံမှ ရောက်ရှိလာခြင်း ဖြစ်ပြီး ကျွန်ုပ်တို့အတွက် အမှန်တကယ် အကျိုးရှိပါသည်။
အေးစက်သော နှလုံးသားတစ်ခု
- ငရဲဟူသည်မှာ မည်ကဲ့သို့ဖြစ်သည်ကို နာမည်ကျော် စာရေးဆရာ Dante ဒန်တီက ဖော်ပြရာ နတ်ဆိုးသည် ရေခဲတုံး ပုလ္လင်ပေါ်တွင် ထိုင်နေခြင်းဖြင့် ပုံဖော်ပါသည်။ အဓိပ္ပာယ်မှာ အေးစက်၍ ချစ်ခြင်းမေတ္တာ မရှိသော နေရာကို ဆိုလိုခြင်း ဖြစ်ပါသည်။
- မိမိတို့ ကိုယ်ကို မိမိတို့ မေးမြန်းရမည်မှာ မေတ္တာစေတနာ ချစ်ခြင်းမေတ္တာများ အေးစက်သွားသည်မှာ မည်ကဲ့သို့နည်း ဟူ၍ ဖြစ်သည်။
- ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာ စတင်အေးစက်လာသည်ကို မည်သည့် ကြင်အင်လက္ခဏာဖြင့် သိရှိနိုင်မည်နည်း။
- ပရဟိတ ချစ်ခြင်းမေတ္တာအား ဖျက်ဆီးတတ်သည့် အကြီးမားဆုံး အရာမှာ ငွေကြေးမက်မောသည့် လောဘ ဖြစ်သည်။ လောဘဟူသည်မှာ “မကောင်းဆိုးဝါး အားလုံး၏ အရင်းမြစ်” ဖြစ်ကြောင်း တိမောတေ ပထမစောင် အခန်းကြီး ၆ အခန်းငယ် ၁၀ တွင် ဖော်ပြထားသည်။
- ဘုရားသခင်အား ငြင်းပယ်လိုက်လျှင် ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်းကိုလည်း ငြင်းပယ်လျက်သား ဖြစ်လာသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် စကား စကားလုံးများနှင့် စက္ကရမင်တူး ကျေးဇူးတော်များကို ရယူခံစားသည်ထက် မိမိ ဘာသာ အထီးကျန်နေလိုတော့သည်။
- ထိုသို့ဖြင့် ထိုသိုသည် “မိမိကိုယ်ကို အသေအချာရှိမှုများအား” ယိုယွင်းစေသည့် မည်သူ့ကို မဆို ဆန့်ကျင် အကြမ်းဖက်လာသည်။ ထိုသို့ အဆိုးမြင်သူများ၏ ပစ်မှတ်တွင် ကိုယ်ဝန်အတွင်းရှိ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ စစ်ရှောင်ဒုက္ခသည်များ၊ မိမိတို့နှင့် မတူညီသော လူစိမ်းများ သို့မဟုတ် မိမိတို့ လက်ခံမျှော်မှန်းသည့် အတိုင်း မနေထိုင်သူများ ပါဝင်သည်။
- ဖန်ဆင်းခံ သဘာဝတရားသည်ပင် ချစ်ခြင်းမေတ္တာ အေးစက်နည်းပါးလာခြင်းကို အသံမထွက်ပဲ သက်သေခံလာသည်။
- ကမ္ဘာကြီးသည် ကိုယ်ကျိုးရှာသူများကြောင့် အဆိပ်သင့်လာသလို ငြင်းပယ်မှု၊ စည်းမဲ့ကမ်းမဲ့မှုများကြောင့် ဆိုးဝါးလာသည်။ ပင်လယ်ပြင်သည်လည်း ညစ်ညမ်းလာကာ စစ်ဘေးကြောင့် မဖြစ်မနေ ထွက်ပြေးတိမ်းရှောင်သော ဒုက္ခသည်များ၏ သုဿန် ဖြစ်လာသည်။
- ကောင်းကင် လေထုသည် ဘုရားသခင်အား ချီးမွမ်းရာတွင် အသုံးချခံမည့်အစား သေခြင်းတရား၏ ဓာတ်ကူပစ္စည်းများ ဖြစ်သော မိုးကြီးလေကြီးခြင်း၏ လက်နက်ဖြစ်လာသည်။
- ကျွန်ုပ်တို့ နေထိုင်ရာ လူ့အသိုင်းအဝိုင်းတွင်လည်း ချစ်ခြင်းမေတ္တာသည် အေးစက်လာတတ်ပါသည်။
- စာချွန်တော် Evanelii Gaudium တွင် ချစ်ခြင်းမေတ္တာ ပြတ်လပ်ခြင်းဆိုင်ရာ ထင်ရှားသည့် သင်္ကေတကို ဖော်ပြထားပါသည်။ ၎င်းသင်္ကေတမှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စိတ်ဝိညာဉ်ရေးအရ အပျင်းထူလာခြင်း၊ အစဉ် အဆိုးမြင်ခြင်း၊ ကိုယ့်ဖို့သာ တွေးတောနေတတ်ခြင်း၊ အခြားသူများအား အမြဲ တိုက်ခိုက်စော်ကားခြင်း၊ မိမိ ရုပ်ရည်တင့်တယ်စေမည့် ရုပ်ပစ္စည်းများကိုသာ အာရုံစူးစိုက်ခြင်းနှင့် သာသနာပြု စိတ်အာသီတများ လျှော့နည်းသွားခြင်းတို့ ဖြစ်သည်။
ဒီတော့ ကျွန်ုပ်တို့ ဘာလုပ်ကြမည်နည်း။
- လုပ်၍ ရနိုင်သည်မှာ ကျွန်ုပ်ဖော်ပြသည့် ကြင်အင်လက္ခဏာများဖြင့် ကျွန်ုပ်တို့သည် မိမိ နှလုံးသားကို လေးနက်စွာ ပြန်လည် ဆန်းစစ်ရပါမည်။
- သို့သော် အမှန်သစ္စာတရား၏ ဆေးခါးကြီးဟု နာမည်ကြီးသော ကျွန်ုပ်တို့၏ မိခင်၊ ကျွန်ုပ်၏ သွန်သင်သူ ဆရာ တစ်ဖြစ်လဲ ကက်သလစ် အသင်းတော်သည် ဤဝါတွင်းကာလ၌ ကျွန်ုပ်တို့အား ဆုတောင်းခြင်း၊ လှူဒါန်းခြင်း၊ ပရဟိတ လုပ်ဆောင်ချက်များနှင့် ဝါရှောင်ခြင်းတို့ကို ကျင့်ကြံရန် တိုက်တွန်းနေပါသည်။
- ဆုတောင်းခြင်းအား လေးနက်စွာ အချိန်ပိုပေးခြင်းဖြင့် ကျွန်ုပ်တို့ နှလုံးသားသည် လျှို့ဝှက်စွာ နက်ရှိုင်းတည်ရှိနေသော မုသားလိမ်ညာမှုများနှင့် မိမိကိုယ်ကို လှည့်ဖြားသည့် ပုံစံများကို သတိပြုမိပေလိမ့်မည်။
- ယင်းနောက် ဆုတောင်းခြင်းဖြင့် ဘုရားသခင် ပေးသနားတော်မူသည့် စိတ်၏ ချမ်းသာခြင်းကို ရရှိပါလိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အဖေ၊ ဖခင်ဖြစ်ကာ ကျွန်ုပ်တို့ သက်တာအား ကောင်းစွာ ရှင်သန်နေထိုင်စေလိုပါသည်။
- လူအား ငွေအားဖြင့် အလှူအတန်းပေးကမ်းခြင်းသည် ကျွန်ုပ်တို့အား လောဘမှ ကင်းလွတ်စေကာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိသူများ၊ အိမ်နီးနားချင်းများအား မိမိတို့၏ ညီအစ်ကိုရင်း၊ မောင်နှမများကဲ့သို့ လက်ခံလာစေပါသည်။
- ကျွန်ုပ် ပိုင်ဆိုင်သည့် အရာသည် ကျွန်ုပ် တစ်ဦးတည်းပိုင် မဟုတ်ပေ။ အလှူအတန်းပေးတတ်သည့် ဘဝ နေထိုင်မှု ပုံစံအား လူတိုင်း ကျင့်သုံးလေ့ရှိသည့် ကျွန်ုပ်တို့ အားလုံး၏ လူနေမှု ပုံစံ ဖြစ်လာစေရန် ကျွန်ုပ် မျှော်လင့်ပေးပါသည်။
- ကျွန်ုပ် မျှော်လင့်ပေးသည်မှာ ဥပမာအားဖြင့် ကျွန်ုပ်တို့ ခရစ်ယာန် အားလုံးသည် တပည့်တော်ကြီးများ ခေတ်ကာလကဲ့သို့ပင် အချင်းချင်း ဝေမျှပေးကမ်းနေထိုင်တတ်သူများကဲ့သို့ နေထိုင်ကြစေရန် ဖြစ်သည်။ ထိုသို့ နေထိုင်သည့် ပုံစံသည် အသင်းတော် အတွင်း ရှိသည့်အရာအား အချင်းချင်း ဝေမျှသည့် အလေ့အထကို ဖြစ်စေပါသည်။
- ထိုရည်ရွယ်ချက် အကြောင်းပြချက်ဖြင့် စိန့်ပေါလ်သည် ကောရိန်တုမြို့သားများအား ပေးစာရေးသည့် အခိုက် ဂျေရုစလင်ရှိ ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိမည့် အရာများအား ပေးအပ်ရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။
- ၎င်းတို့သည် ဝါတွင်းကာလအတွက် ပိုမို အဓိပ္ပာယ်ရှိပါသည်။ ဝါတွင်းကာလတွင် ကောက်ခံထားသည့် အလှူများအားလုံးကို လိုအပ်နေသော ဆင်းရဲသားများနှင့် အကူအညီလိုနေသော အသင်းတော်များ အတွက် ကောက်ခံခြင်း ဖြစ်ပေသည်။
- ထို့အပြင် ဝါတွင်းကာလတွင် ကျွန်ုပ်တို့ နေ့တဓူဝ တွေ့ဆုံသည့် လူများ အကူအညီတောင်းခံလာပါလျှင် ဘုရားသခင်မှ တိုက်ရိုက်အကူအညီတောင်းခြင်း ခံရသကဲ့သို့ သတ်မှတ်ကာ ၎င်းတို့ကို ကူညီပေးရန် ကျွန်ုပ် မျှော်လင့်ပါသည်။
- ကျွန်ုပ်တို့ အလှူပေးသည့် အချိန်တွင် ဘုရားသခင်၏ ကူညီခြင်း ကောင်းကြီးတော်ကို သူ၏ သားသမီးများအား ပေးနေခြင်း ဖြစ်ပေသည်။ အကယ်၍ ဘုရားသခင်သည် ကျွန်ုပ်အား အသုံးပြု၍ ကျွန်ုပ်ထံမှ တစ်ဆင့် သူတပါးအား ကူညီပေးလျှင် တစ်နေ့တွင် သူတပါးမှ တစ်ဆင့် ကျွန်ုပ်ကိုလည်း ကူညီပေးမည် မဟုတ်ပါလော။ ဘုရားသခင်ထက် မည်သူမျှ ရက်ရောနိုင်မည် မဟုတ်ပေ။
- ဝါရှောင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အကြမ်းဖက်မည့် စိတ်ကိုယ်အနေထားမှ ယုတ်လျော့စေပါသည်။
- အစာရှောင် ဝါရှောင်ခြင်းသည် ကျွန်ုပ်တို့အား ရန်လိုခြင်းမှ ကင်းဝေးစေကာ ဖွံ့ဖြိုးစေရန် အရေးကြီး အခွင့်အလမ်းကို ပေးပါသည်။
- အခြားတစ်ဘက်တွင် အစာရှောင်ခြင်းဖြင့် ဆာလောင်ငတ်မွတ်နေသူများ၊ အတိဒုက္ခရောက်နေသူများ ခံစားတွေ့ကြုံနေရမှုကို မိမိကိုယ်တိုင် ခံစားနားလည် ကိုယ်ချင်းစာမိစေပါသည်။
- ထို့အပြင် ဝါရှောင်ခြင်းကြောင့် ဝိညာဉ်ရေးအရ ဆာလောင်ခြင်းနှင့် ဘုရားသခင်အား ကျွန်ုပ်တို့ ဘဝတွင် တောင့်တမှုတို့ကို ဖော်ပြစေပါသည်။
- အစာရှောင် ဝါရှောင်ခြင်းသည် ကျွန်ုပ်တို့ကို နိုးထစေသည်။ အစာရှောင်ခြင်းကြောင့် ဘုရားသခင်နှင့် ကျွန်ုပ် ပတ်ဝန်းကျင်မှ လူအများအား ပိုမို သတိပြုမိစေပါသည်။ ဝါရှောင်ခြင်းကြောင့် ကျွန်ုပ်တို့ ဆာလောင်မှုအား ဖြည့်ဆည်းပေးနိုင်သည့် တပါးတည်းသော ဘုရားသခင်အား ပိုမို နာခံခြင်းရှိစေမည့် စိတ်ဆန္ဒကိုလည်း ဖြစ်ပေါ်ပါသည်။
- ကက်သလစ် အသင်းတော် သာမက ဘုရားသခင်၏ အသံကို နားထောင်လိုသူ စိတ်ကောင်းနှလုံးကောင်း ရှိသည့် အမျိုးသား အမျိုးသမီး လူတိုင်းကိုလည်း ဝါတွင်းအတွက် ကျွန်ုပ် ဖိတ်ခေါ်လိုပါသည်။
- ကျွန်ုပ်တို့ကဲ့သို့ သင်တို့သည်လည်း ကမ္ဘာကြီးတွင် ဖြစ်ပေါ်နေသည့် မညီမျှမှုများ ကြီးစိုးလာမှုကို စိတ်ဆင်းရဲကြမည် ဖြစ်ပါသည်။ ဒုက္ခိတဖြစ်လာသော နှလုံးသားများနှင့် မေတ္တာမဲ့ လုပ်ဆောင်ချက်များကို ကြည့်၍ သင်တို့သည် စိုးရိမ်စိတ် ရှိလာကြမည် ဖြစ်ပါသည်။
- လူသားမျိုးနွယ်တစ်ခုလုံး တစ်သားတည်းဖြစ်သည်ဟူသည့် စိတ်ခံစားချက်များ ယုတ်လျော့လာသည်ကို သင်တို့ မြင်တွေ့၍ စိတ်မသက်မသာ ဖြစ်နေမည် ဖြစ်ပါသည်။
- ထို့ကြောင့် သူတို့လည်း ကျွန်ုပ်တို့နှင့် ဤဝါတွင်း၌ ပေါင်းစပ် ပါဝင်လိုက်ပါ။ ကျွန်ုပ်တို့ အတူ ဘုရားသခင်အား တောင်းလျှောက်ကြပါစို့။
- အစာရှောင်ခြင်း၊ လိုအပ်သူ ညီအစ်ကိုမောင်နှမများအား တတ်နိုင်သလောက် လူအား ငွေအားဖြင့် ကူညီကြပါစို့။
အီစတာ မီးတောက်
- အရေးအကြီးဆုံး ပြောရပါလျှင် ကက်သလစ် ဘာသာဝင်များအားလုံး ဤဝါတွင်းအား အလှူအတန်းပေးခြင်း၊ ဝါရှောင်ခြိုးခြံခြင်းနှင့် ဆုတောင်းခြင်းတို့ဖြင့် စိတ်အားထက်သန်စွာ ဖြတ်သန်းကြရန် တိုက်တွန်းပါသည်။
- အကယ်၍များ သင်တို့၏ ချစ်ခြင်းစေတနာ ပရဟိတစိတ် မီးတောက်များ သင့်နှလုံးသား၌ ကုန်ခမ်းမှေးမှိန်လာသည့် အခါ ဘုရားသခင်၏ နှလုံးသား၌ ၎င်းကို အညိုးအတေး မှတ်မထားကြောင်း သိထားပါ။
- သင့်အနေဖြင့် ချစ်ခြင်းစေတနာအား ပြန်လည် ဆန်းသစ်စေကာ ပြန်လည် စတင်ဖို့ အစဉ်တိုက်တွန်း မျှော်လင့် အခွင့်အလမ်းပေးကြောင်း သိထားပါ။
- ဤနှစ်ဝါတွင်းကာလ ဘုရားသခင်၏ ကျေးဇူးတော် အချိန်အခါတွင် “သခင်ခရစ်တော်အတွက် ၂၄ နာရီ”ဟူသည့် အစပြု စိတ်ဓာတ်ဖြင့် ကိုယ်တော်မြတ် စက္ကရမင်တူး ဘေးနားရှိ ပြန်လည် ကျေအေးသင့်မြတ်ခြင်း စက္ကရမင်တူး (အာပတ်ဖြေခြင်း)ကို ပြုလုပ်ကြပါရန် အသင်းတော် တစ်ရပ်လုံးအား ကျွန်ုပ် တိုက်တွန်းပါသည်။
- ဤ ၂၀၁၈ ခုနှစ်တွင် “သင်နှင့်အတူဆိုလျှင် ခွင့်လွှတ်ခြင်း” ဖြစ်သည်ဟူသည့် ဆာလံကျမ်း အခန်းကြီး ၁၃၀ အခန်းငယ် ၄ တွင် ပါဝင်သည့် အချက်အား နှလုံးသွင်းလျှက် မတ်လ ၉ ရက် သောကြာနေ့ မှ မတ်လ ၁၀ ရက် စနေနေ့အထိ သာသနာတိုက်နယ် တစ်ခုတွင် ဘုရားကျောင်း တစ်ကျောင်းသည် ၂၄ နာရီ ဆက်တိုက် ကိုယ်တော်မြတ် ဖူးမြော်ခြင်းနှင့် အာပတ်ဖြေခြင်းအတွက် ပြင်ဆင်ထားရမည် ဖြစ်သည်။
- အီစတာ ကာလတွင် ကျွန်ုပ်တို့သည် အီစတာ ဖယောင်းတိုင်အား မီးထွန်းညှိခြင်း အခမ်းအနားကို ပြန်လည် ကျင်းပကြမည် ဖြစ်ပါသည်။
- ထို “အီစတာ မီးတောက် အသစ်”မှ မီးတောက်ယူလျှက် ထိုမီးတောက်သည် အမိုက်မှောင်ထုအား တဖြည်းဖြည်း လွှမ်းမိုးဖြိုခွင်းမည် ဖြစ်သလို မစ္ဆားတွင် ပါဝင် ဝတ်ပြုကိုးကွယ်သူများအား အလင်းပေး လမ်းပြပေလိမ့်မည်။
- “ဘုန်းဂုဏ်တော်ဖြင့် ရှင်ပြန်ထမြောက်သည့် ခရစ်တော်ယေဇူး၏ အလင်းရောင်ခြည်သည် ကျွန်ုပ်တို့ စိတ်ဓာတ်နှင့် နှလုံးသားအတွင်းရှိ အမှောင်ထုကို ဖြိုခွင်းပါစေ။”
- ယင်းနောက် ကျွန်ုပ်တို့ အားလုံးကို ရှင်ပြန်ထမြောက်ပြီး အိမုစ် Emmaus သွားရာ လမ်း၌ တပည့်တော်ကြီးများနှင့် လမ်းအတူ လျှောက်ခဲ့သည့် အတွေ့အကြုံကဲ့သို့ ခရစ်တော်ယေဇူးသည် ကျွန်ုပ်တို့အား စိတ်ခွန်အားပေးတော်မူပါစေ။
- ဘုရားသခင်၏ နှုတ်ကပတ်တော် စကားလုံးများအား နားထောင်ပြီး ကိုယ်တော်မြတ် စက္ကရမင်တူး မစ္ဆားစားပွဲတော်မှ ခွန်အားယူခြင်းဖြင့် ကျွန်ုပ်တို့၏ နှလုံးသားသည် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်လေးမြတ်ခြင်းတို့၌ အထူး အားကောင်းပါစေ။
-ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာနှင့် ဆုတောင်းပေးမည်ဟူသည့် ကတိကဝတ်ဖြင့် သင်တို့အား ကျွန်ုပ် ကောင်းချီးပေးပါသည်။
- ကျွန်ုပ် ပုပ်ဖရန်စစ် အတွက်လည်း ဆုတောင်းပေးပါရန် မမေ့ပါနှင့်။
ပုပ်ဖရန်စစ်
ဗာတီကန်
၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့
စိန့်ရဟန္တာများ ပွဲနေ့ကြီး
Credit to Lawrence Jangma Mung Song
No comments:
Post a Comment