လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

ပုပ်ရဟန်းမင်းကြီး၏ အခွင့်အာဏာ



မေး။ ပုပ်ရဟန်းမင်းကြီး၏ အခွင့်အာဏာ (Papacy) ကို 
ကျမ်းစာ ဘယ်နေရာမှာ ဖော်ပြထားသလဲ?
ဖြေ။ မှန်ကန်တဲ့အဖြစ်အပျက် ဖြစ်သော်ငြား အရာအားလုံးကိုသမ္မာကျမ်းစာထဲမှာ
ဖော်ပြထားမှာ မဟုတ်ဘူးဆိုတာကိုတော့ သတိချပ်သင့်ပါတယ်။ 
ကျမ်းရေးပုဂ္ဂိုလ် ရှင်ယောဟန်က “ဤကျမ်းစာ၌ မှတ်တမ်းတင်မထားသည့် များစွာသော အခြားတန်ခိုးလက္ခဏာတို့ကိုလည်း ယေဇူးသည် တပည့်တော်တို့ ရှေ့မှောက်တွင် ပြတော်မူ၏။ သို့သော်ယေဇူးသည် ဘုရားသခင်၏ သားတော်တည်းဟူသော ခရစ်တော်ဖြစ်သည်ကို သင်တို့ယုံကြည်ကြစေရန်လည်းကောင်း၊ ထိုကဲ့သို့ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏ နာမတော်၌ သင်တို့သည် အသက်ကိုရနိုင်ကြရန်လည်းကောင်း ဤအရာများကို ရေးသားမှတ်တမ်းတင်ထားလျက် ရှိ၏။ … သို့သော် ယေဇူးပြုလုပ်တော်မူခဲ့သော အခြားအရာများစွာရှိသေး၏။ ထိုအမှုအရာတစ်ခုစီကို ရေးသားမှတ်တမ်းတင်ရမည်ဆိုလျှင် ရေးသားရမည့် စာစောင်များကို ထားရှိရန် ဤကမ္ဘာမြေတွင် နေရာရှိတော့မည်မဟုတ်ဟု ငါထင်မြင်မိပါသတည်း။” ရှင်ယောဟန် ၂၀း ၃၀-၃၁၊ ၂၁း ၂၅

‘ပုပ်ရဟန်းမင်းကြီး’ နှင့် ‘ပုပ်ရဟန်းမင်းကြီး အခွင့်အာဏာ (Papacy)’ စသည့်စကားလုံး အသုံးအနှုန်းကို ဓမ္မသစ်ကျမ်းရေးသားသည့် ကနဦးကာလတွင် အသုံးပြုခြင်းမရှိသေးဘဲ နောက်ပိုင်းအချိန်များမှသာ အဆိုပါ အသုံးအနှုန်းကို သုံးစွဲလာကြသော်လည်း တကယ်တော့ ပုပ်ရဟန်းမင်းကြီးနှင့် ၄င်းအခွင့်အာဏာအကြောင်းကို ကျမ်းစာထဲမှာ ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။ အခွင့်အာဏာနဲ့ ပတ်သက်လို့ တည်ထောင်ထားနှင့်ပြီးဖြစ်သလို အခြေအမြစ်ကိုလည်း သခင်ခရစ်တော် နှုတ်တော်အားဖြင့် မိန့်မြွက်ထားတာ တွေ့နိုင်ပါတယ်။ ဦးစွာပထမ သခင်ခရစ်တော်ဟာ တပည့်တော်များထဲမှ တစ်ဆယ့်နှစ်ပါးသော တပည့်တော်ကြီးများကို တမန်တော်ကြီးများအဖြစ် ခန့်အပ်စေခဲ့ပါတယ်။ တမန်တော် (Apostle) ဆိုတဲ့ စာလုံးဟာ ဂရိဘာသာစကား Apostolos မှဆင်းသက်လာတာဖြစ်ပြီး သတင်းကောင်းမျှဝေဘို့ရန် တစ်စုံတစ်ဦးမှ စေလွှတ်ခြင်းဖြစ်တာကို ရည်ညွှန်းဆိုလိုတာ ဖြစ်ပါတယ်။ ရှင်ပေတရု အပါအ၀င် တမန်တော်ကြီးများဟာ ခရစ်တော်မှ အမှန်တကယ်စေလွှတ်ခဲ့တာဖြစ်သလို ခရစ်တော်ရဲ့နာမ၌ သင်ကြားရန် အထူး အခွင့်အာဏာ ရရှိခဲ့ကြတာကိုလည်း ရှေးဦးခရစ်ယာန်များ အမှတ်ရ သိရှိကြပါတယ်။ သခင်ခရစ်တော် တပည့်တော်များအား တမန်တော်များအဖြစ် ခန့်အပ်ခဲ့တာကို ရှင်လုကာ ၆း ၁၃-၁၇နဲ့ ရှင်မဿဲ ၁၀း၂-၄ တို့မှာ တွေ့နိုင်ပါတယ်။

တစ်ရက်သောနေ့မှာ ခရစ်တော်ဟာ သူ့တပည့်တော်များကို ခေါ်ကာ တစ်ဆယ့်နှစ်ပါးကို ရွေးကောက်ခဲ့ပြီး တမန်တော်ကြီးများအဖြစ် ခန့်အပ်ခဲ့ပါတယ်။ တမန်တော်ကြီးများအား အမည်အားဖြင့် Peter (ယခင် အမည် Simon)၊ ၄င်းညီဖြစ်သူ Andrew၊ James (Zebedee ၏သား)၊ ၄င်း၏အစ်ကို John၊ Philip၊ Bartholomew၊ Thomas၊ Matthew (အခွန်ကောက်ခံသူ)၊ James (Alphaeus ၏သား)၊ Simon (The Zealot ဟုလည်းခေါ်ခဲ့)၊ James ၏သား Judas (Thaddaeus ဟု ယခင်ကခေါ်ခဲ့) နှင့် Judas Iscariot (တချိန် ခရစ်တော်ကို သစ္စာဖောက်မည့်သူ) စသဖြင့် မှည့်ခေါ်စေခဲ့ပါတယ်။ ၄င်းနောက် သခင်ခရစ်တော်ဟာ တမန်တော်ကြီးများအားလုံးထဲမှ ပထမဆုံးသော တပည့်တော်ကြီး ရှင်ပေတရုကို ပုပ်ရဟန်းမင်းအခွင့်အာဏာ (၀ါ) ဦးသျှောင် ခေါင်းဆောင် အခွင့်အာဏာ (Authority of Papacy) ရွေးချယ် ခန့်အပ်ခဲ့ပုံကိုလည်း ရှင်မဿဲမှ ရှင်မာတေဦးကျမ်းမှာ မိန့်ဆိုခဲ့ပါတယ်။
(ရှင်မာတေဦး ၁၆း၁၃-၁၉ အားရှုရန်) ‘ယေဇူးသည် ဆီဇားရိယ ဖိလိပိ (Caesarea Philippi) နယ်သို့ ရောက်သောအခါ လူအပေါင်းတို့သည် လူသားဖြစ်သော ငါ့ကို မည်သူဖြစ်သည်ဟူ၍ ဆိုကြသနည်းဟု သူ၏ တပည့်တော်တို့အားမေးတော်မူ၏။ သူတို့ကလည်း လူအချို့က ကိုယ်တော်သည် ယောဟန်ဗတ္တဇံ၊ အချို့က ဧလိယ၊ အချို့က ဂျေရေမိယ သို့မဟုတ် ပရောဖက်တစ်ပါးပါးဖြစ်ကြောင်း ပြောဆိုကြပါသည်ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း သင်တို့မူကား ငါမည်သူဖြစ်သည် ဟူ၍ ဆိုကြသနည်းဟု သူတို့အားမေးတော်မူလျှင် စီမွန် ပေတရု (Simon/ Peter) က ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏ သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်ဟု လျှောက်လေ၏။ ယေဇူးကလည်း ယောန၏သား စီမုန် သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ဤအရာကို သင့်အား အသွေးအသားက ဖော်ပြခြင်းမဟုတ်ဘဲ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော်က ဖော်ပြတော်မူခြင်းသာ ဖြစ်၏။ သင့်အား ငါဆိုသည်မှာ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ ထိုအသင်းတော်ကို ငရဲ၏တံခါးတို့သည် မအောင်နိုင်ရာ။ ကောင်းကင်နိုင်ငံ၏ သော့ကိုလည်း သင့်အား ငါပေးမည်။ ကမ္ဘာမြေပေါ်တွင် သင်ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက်ရှိလိမ့်မည်။ ကမ္ဘာမြေပေါ်တွင် သင်ဖြေလွှတ်သမျှသည်လည်း ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက် ရှိလိမ့်မည်ဟု မိန့်တော်မူ၏။’

ဒါကြောင့် ရှင်ပေတရူး (St. Peter) ဟာ တမန်တော်ကြီးများထဲမှ အထူးရွေးချယ်ခြင်းခံရပြီး အခြားသူများကို မပေးခဲ့တဲ့ တထူးတခြား အခွင့်အာဏာ (special authority) ကို ခရစ်တော်က ပေးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း သခင်ခရစ်တော် ရှင်ပြန်ထမြောက်ပြီး ကောင်းကင်သို့ မတက်ကြွမှီကာလမှာလည်း ရှင်ပေတရုရဲ့ လုပ်ဆောင်ရမဲ့ တာဝန်ကိုလည်း ပထမဆုံး ခေါင်းဆောင်ဦးဆောင်သူ (ပုပ်ရဟန်းမင်း) အနေနဲ့ ထပ်လောင်း၍ အတည်ပြုခဲ့ပါတယ်။
(ရှင်ယောဟန် ၂၁း ၁၅-၁၉ အားရှုရန်) ‘သူတို့သည် နံနက်စာ စားပြီးကြသောအခါ ယေဇူးက စီမွန် ပေတရုအား ယောန၏သား စီမုန် သင်သည်ငါ့ကို ဤသူတို့ထက် ပို၍ချစ်သလောဟု မေးတော်မူ၏။ ပေတရုက ချစ်ပါ၏ သခင်ဘုရား၊ တပည့်တော်သည် ကိုယ်တော်ကို ချစ်ကြောင်း ကိုယ်တော်သိတော်မူပါသည်ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း ငါ၏သိုးများကို ကျွေးမွေးလော့ဟု သူ့အားမိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်က ယောန၏သား စီမုန်၊ ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင် ပေတရုက ချစ်ပါ၏ သခင်ဘုရား၊ တပည့်တော်သည် ကိုယ်တော်ကိုချစ်ကြောင်း ကိုယ်တော်သိပါသည်ဟု ပြန်လျှောက်လေ၏။ ကိုယ်တော်ကလည်း ငါ၏သိုးများကို ထိန်းသိမ်းစောင့်ရှောက်လော့ဟု သူ့အားမိန့်တော်မူ၏။ တစ်ဖန် ကိုယ်တော်က ယောန၏သား စီမုန် ငါ့ကို ချစ်သလောဟု သူ့အား တတိယအကြိမ် မေးတော်မူ၏။ “သင်သည် ငါ့ကိုချစ်သလော”ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသောကြောင့် ပေတရုသည် ၀မ်းနည်းလျက် သခင်ဘုရား၊ ကိုယ်တော်သည် အရာအားလုံးကို သိမြင်တော်မူပါ၏။ တပည့်တော်သည် ကိုယ်တော့်ကို ချစ်ကြောင်း ကိုယ်တော်သိတော်မူပါသည်ဟု လျှောက်လေ၏။ ယေဇူးကလည်း ငါ၏သိုးများကို ကျွေးမွေးလော့။ သင့်အား ငါ ဧကန်အမှန်ဆိုသည်ကား သင်သည် ငယ်ရွယ်စဉ်အခါက သင်၏ ခါးစည်းကို ကိုယ်တိုင်စည်းလျက် သင်အလိုရှိရာအရပ်သို့ သွားလာခဲ့၏။ သို့သော် သင်အိုမင်းလာသောအခါ၌မူ သင်၏လက်များကို ဆန့်သဖြင့် အခြားသောသူသည် သင်၏ခါးစည်းကို စည်းပေး၍ သင်မသွားလိုသော အရပ်သို့ သင့်ကိုသယ်ဆောင်သွားလိမ့်မည်ဟု သူ့အားမိန့်တော်မူ၏။ ကိုယ်တော်ဤသို့ မိန့်တော်မူသည်ကား ပေတရုသည် မည်ကဲ့သို့သော သေခြင်းဖြင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေမည့်အကြောင်း ဖော်ပြလိုသောကြောင့် ဖြစ်၏။ ထို့နောက် ကိုယ်တော်က ငါ့နောက်သို့ လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။’ ရှင်ပေတရုက ခရစ်တော်ကို သုံးကြိမ်တိုင် ငြင်းဆန်ပြီးနောက် (ရှင်ယောဟန် ၁၈း ၁၅-၁၈၊ ၂၅-၂၇) ခရစ်တော်မှ သုံးကြိမ်တိုင်တိုင် ရှင်ပေတရုအား အခွင့်အာဏာ ထပ်လောင်းပေးခဲ့တာကို များစွာသော ကျမ်းစာပညာရှင်များ ဤကျမ်းချက်အားဖြင့် နားလည်ထားကြပါတယ်။
ဒါကြောင့် ခရစ်တော်ဟာ တပည့်တော် ဆယ့်နှစ်ပါးကို တမန်တော်များအဖြစ် ရွေးနှုတ်ခဲ့ပြီး အဆိုပါ တမန်တော်များထဲမှ ရှင်ပေတရုကို ကျောက်ဆောင်လို့ အဓိပ္ပါယ်ရတဲ့ ရှင်ပေတရုကို အားလုံးခေါင်းဆောင် အရိုက်အရာအဖြစ် ရွေးချယ်ခန့်အပ်ထားခဲ့တာကို ကျမ်းစာထဲမှာ တွေ့မြင်ရပါတယ်။
ထို့နောက်ပိုင်း ရှင်ပေတရုနဲ့ တမန်တော်ကြီးများဟာ ပျံလွန်တော်မူခဲ့လျှင် တမန်တော်လုပ်ငန်း ဆက်လက် ရှေ့ဆက်နိုင်ဖို့ ၎င်းတို့ အရိုက်အရာကို ဆက်ခံမဲ့သူများကို ရွေးကောက် ဆက်ခံစေခဲ့ပါတယ်။ (CCC 880 (Catechism of the Catholic Church) အရ) အဆိုပါ ဆက်ခံခဲ့သူများဟာ အသင်းတော်ရဲ့ ပထမဆုံးသော ဆရာတော်ကြီးများ (Bishops) ဖြစ်ခဲ့ပြီး တမန်တော်ကြီးများရဲ့ခေါင်းဆောင် ရှင်ပေတရုအား ဆက်ခံခဲ့သူများကတော့ အသင်းတော်ရဲ့ အဦးဆုံးသော ပုပ်ရဟန်းမင်းကြီးများ ဖြစ်ခဲ့ပါတယ်။ ဒီအစီအမံများဟာ ခရစ်တော်ဆုတောင်းခဲ့တဲ့ တစ်လုံးတစ်ဝတည်းဆိုတဲ့ ညီညွှတ်မှုကို သေချာစေခဲ့ပါတယ်။
သခင်ခရစ်တော်ဟာ တပည့်တော်ကြီး တစ်ဆယ်နှစ်ပါးအား ရွေးကောက်ခဲ့စဉ်က တပည့်တော်ကြီးများအား အစုအဖွဲ့ တစ်ခု (တစ်ခုထက်မပိုသော) သို့မဟုတ် အမြဲတမ်းသော (မပြောင်းလဲနိုင်သော) အစုအဝေး ပုံစံအနေနဲ့ ဖွဲ့စည်းတည်ထောင်ထားခဲ့ပြီး ခေါင်းဆောင်အနေနဲ့ အားလုံးထဲမှ ရှင်ပေတရုကို ရွေးချယ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ သခင်ခရစ်တော် ကိုယ်တိုင် ဖွဲ့စည်းသွန်သင်ထားတဲ့အတိုင်း ရှင်ပေတရုနဲ့ ကျန်တဲ့ တမန်တော်များဟာ တစ်ခုတည်းသော တမန်တော် အစုအဖွဲ့ (a single apostolic college) အတိုင်း ဆက်လက်တည်ထောင် ခဲ့ကြပါတယ်။ ဒါကြောင့် ရှင်ပေတရု အရိုက်ရာကို ဆက်ခံတဲ့ ရောမရှိ ပုပ်ရဟန်းမင်းကြီး အဆင့်ဆင့် ပုံစံနဲ့ တမန်တော်ကြီးများ အရိုက်အရာကို ဆက်ခံခဲ့ကြတဲ့ ဆရာတော်ကြီးများ (Bishops) တို့ဟာ ဆက်စပ်တည်မှီလျက် ရှိပြီး တစ်ဦးနှင့်တစ်ဦး ပေါင်းစည်းညီညာလျက် ရှိပါတယ်။

No comments: