စာတန်၏ရှေ့နေ
ကျွန်ုပ်တို့ မြန်မာပြည်ရှိ ကက်သလစ်အသင်းတော်သူ၊ အသင်းတော်သားများ အဖို့ 'စာတန်၏ ရှေ့နေ' (Devil's Advocate) ဟူသောစကားရပ်သည် လွန်စွာ ကြားရခဲလှသည့် စကားရပ်တစ်ခုဖြစ်ပါသည်။ သို့သော် ထိုအသုံးအနှုန်း စကားရပ်သည် (၁၆)ရာစုဝန်းကျင်မှ စတင်ပေါ်ပေါက်လာခဲ့ပြီး ကက်သလစ်သာသနာတော်၌ သူတော်သူမြတ်နှင့်
ရဟန္တာတင်မြှောက်ခြင်း လုပ်ဆောင်မှုအဆင့်ဆင့်တွင် အရေး ပါသော တာဝန်ရှိပုဂ္ဂိုလ်အား မှည့်ခေါ်သည့် တရားဝင်ဘွဲ့ နာမတစ်ခုပင်ဖြစ်ပါသည်။
လာတင်းဘာသာ (Advocatus Diaboli) မှဆင်းသက်လာပြီး 'စာတန်၏ ရှေ့နေ'ဟု မြန်မာခရစ်ယာန် ဓမ္မဒဿနအဘိဓာန်မှ အနီးစပ်ဆုံး အနက်ပြန် ဆိုထားပါသည်။ ¤င်း၏ လုပ်ငန်းတာဝန်ကြောင့် ထိုသို့အနက်ပြန်ရခြင်းဖြစ်ပါသည်။ သူတော်သူမြတ် (သို့) ရဟန္တာတင်မြှောက်ခြင်း အဆင့်ဆင့်တွင် 'စာတန်၏ရှေ့နေ'သည် သူတော်သူမြတ် (သို့) ရဟန္တာတင်မြောက်ခြင်းခံရမည့် လူပုဂ္ဂိုလ်၏ အားနည်းချက်များ၊ မှားယွင်းသောအယူအဆများနှင့် အံ့ဖွယ်ရာများ၊ သတင်းများ(သို့) ခက်ခဲသော မေးခွန်းများကို ယူဆောင်လာကာ စစ်ဆေးမေးမြန်းခြင်း၊ ဆွေးနွေးခြင်းများကို ပြုလုပ်ရသည်။ ထို့နောက် ထိုအချက်အလက်များ မှန်ကန်ကြောင်းအတည်ပြုပေးနိုင်ရန် ရဟန္တာသူတော်မြတ်တင်မြှောက်ခြင်းဆိုင်ရာ ရဟန်းမင်းကြီးရုံးတော်သို့ တင်ပြပေး ရသည်။
ရဟန္တာသူတော်မြတ်တင်မြှောက်ခြင်းဆိုင်ရာ ရဟန်းမင်းကြီးရုံးတော်မှ ဤအမည်နာမနှင့် လုပ်ငန်းတာဝန်ကို ကာနွန်ဥပဒေတတ်ကျွမ်းသူ ရဟန်းဘုန်းတော် ကြီး (သို့) လူဝတ်ကြောင် တစ်ဦးဦးအား ခန့်အပ်ကာ အမှုထမ်းစေပါသည်။ ဤရာထူးကို (၁၅၈၉) ခုနှစ်တွင် ရဟန်းမင်းကြီး ပဉ္စမမြောက် စစ္စတုစ်မှ စတင်တည်ထောင်ပေးခဲ့ ပါသည်။ ရဟန်းမင်းကြီး ဒသမမြောက် လေအို (၁၅၁၃–၁၅၂၁) လက်ထက်ကတည်း ကပင် ထိုအသုံးအနှုန်းဝေါဟာရကို ရဟန္တာ လောရင့်စ်ဂျက်စတီနီယန်အား ရဟန္တာ အဆင့်သို့တင်မြှောက်ခြင်းမှတ်တမ်းတွင် တရားဝင်သုံးနှုန်းခဲ့ပြီးဖြစ်ကြောင်း သာသနာ တော်၏မှတ်တမ်းထဲတွင် တွေ့ရှိရပါသည်။ (၁၉၁၃) ကက်သလစ်စွယ်စုံကျမ်းတွင် 'စာတန်၏ရှေ့နေ' အဖြစ် ဆောင်ရွက်သူ၏ လုပ်ငန်းတာဝန်မှာ ရဟန္တာတင်မြှောက် နိုင်ခြင်းပြုနိုင်ရန်အတွက် ရွေးချယ်ခံ သူတော်သူမြတ်၏ အံ့ဖွယ်တန်ခိုးများနှင့် အကျင့်ပါရမီများအပေါ် ဆုံးဖြတ်ချခြင်း အတည်ပြုခြင်းများကို အလျင်စလို ပြီးစလွယ် မပြုလုပ်မိစေရန် ကာကွယ်ရကြောင်း ဖော်ပြထားလေသည်။ ဆိုလိုသည်မှာ 'စာတန်၏ရှေ့နေ'သည် ရွေးချယ်ခံ ရဟန္တာမြတ် (သို့)သူတော်သူမြတ်နှင့် စပ်လျဉ်းသည့် အားနည်းချက်များနှင့်ဆိုးကွက်များကို ရှာဖွေစုဆောင်းကာ ထိုအရွေးချယ်ခံ ရဟန္တာ မြတ်အား အဘယ့်ကြောင့် သူတော်သူမြတ် (သို့) ရဟန္တာမြတ်အဆင့်သို့ တင်မြှောက်ရန် မသင့်လျော်ကြောင်း ကန့်ကွက်စာတင်သွင်းရသည်။ ရဟန္တာတင်မြှောက်ရေးအဖွဲ့မှ ထိုတင်သွင်းလာသော ကန့်ကွက်စာဟူသမျှအား စာတန်၏ရှေ့နေ လက်ခံကျေနပ်သည် အထိ ပြန်လည်ချေပ ဖြေကြားပေးရလေသည်။ ¤င်းမှ ကျေနပ်လောက်သည့် အဖြေကို မရရှိသေးလျှင် ရဟန္တာတင်မြှောက်ခြင်း (သို့) သူတော်မြတ်တင်မြှောက်ခြင်းအမှုကို ၄င်း၏ ဗီတိုအာဏာအားဖြင့် ရပ်ဆိုင်းထားနိုင်ပါသည်။
အစောပိုင်းကာလတွင် 'စာတန်၏ရှေ့နေ' ၏အခန်းကဏ္ဍသည် ရွေးချယ်ခံ ရဟန္တာ (သို့)သူတော်သူမြတ်၏ ဆိုးကွက်များကိုသာ စုံစမ်းဖော်ထုတ် တင်ပြရသဖြင့် နှစ်မြို့ဖွယ်မရှိသော လုပ်ငန်းတာဝန်တစ်ရပ်အနေဖြင့် လူအများက ရှုမြင်ခြင်းခံခဲ့ ရသည်။ ရဟန်းမင်းကြီး ဒုတိယမြောက်ယောဟန်ပေါလု (ရဟန္တာမြတ်) လက်ထက်တွင် 'စာတန်၏ရှေ့နေ' ရာထူးကို သာသနာတော်၏ ယုံကြည်ခြင်းမြှင့်တင်ရေးဆိုင်ရာ အရာရှိ (Promoter of Faith or Prelate Theologian) အဆင့်သို့ ပြောင်းလဲ မြှင့်တင်ပေးခဲ့ပါသည်။ ရဟန်းမင်းကြီးမှ ဤရာထူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်သူ သည် ရွေးချယ်ခံ ရဟန္တာ (သို့)သူတော်သူမြတ်၏ ဆိုးကွက်နှင့် အားနည်းချက်များကို လိုက်လံရှာဖွေ စုဆောင်းတင်ပြခြင်း၊ စိတ်ကျေနပ်မှု မရှိပါက ဗီတိုအာဏာဖြင့် ရပ်ဆိုင်းပိုင်ခွင့်တို့ကိုသာ အလေးပေးလုပ်ဆောင်ခြင်းမပြုတော့ကြောင်းြ>ွမက်ဆိုခဲ့ ပါသည်။ ရဟန်းမင်းကြီး၏မိန့်ကြားချက်အရ 'စာတန်၏ရှေ့နေ' ၏အခန်းကဏ္ဍသည် ပိုမိုကျစ်လစ်၍ အနက်အဓိပ္ပါယ်ပြည့်ဝလာကာ အဓိကအားဖြင့် လုပ်ငန်းသုံးရပ်ကို အလေးထား၍ တာဝန်ထမ်းဆောင်ပါသည်။ ပထမအဆင့်တွင် 'စာတန်၏ရှေ့နေ' သည် မဲပေးပိုင်ခွင့်ရှိသော ဓမ္မသင်္ဂြိုလ်ပညာရှင်များအား အစည်းအဝေးဆင့်ခေါ်သည်။ ဒုတိယအဆင့်တွင် ထိုအစည်းအဝေးမှ အစီရင်ခံလွှာများကို ပြင်ဆင်ပေးပြီး နောက်ဆုံး အနေဖြင့် ရဟန်းအမတ်ကာဒီနယ်ကြီးများနှင့် ဆရာတော်ကြီးများ၏ အစည်းအဝေး တွင် တာဝန်ရှိပုဂ္ဂိုလ်အနေဖြင့် တင်ပြရသည်။ ထို့နောက် ထိုအစည်းအဝေးပွဲအတွင်းမှ မေးမြန်းလာသော အကြောင်းအရာများကို တာဝန်ရှိပုဂ္ဂိုလ်အနေဖြင့် ဖြေကြားပေးရုံမှ တစ်ပါး ¤င်းကိုယ်တိုင်၌မူကား ရဟန္တာ (သို့) သူတော်သူမြတ်တင်မြှောက်ခြင်းအတွက် မဲပေးပိုင်ခွင့်မရှိပေ။ သူသည် ဓမ္မသင်္ဂြိုလ်ပညာရှင်များအား ဆင့်ခေါ်သော အစည်း အဝေးအတွင်း၌သာလျှင် မဲပေးပိုင်ခွင့်ရှိပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် မျက်မှောက်ခေတ် ကက်သလစ်သာသနာတော်၌ 'စာတန်၏ရှေ့နေ' သည် ရဟန္တာ (သို့) သူတော်သူမြတ်တင်မြှောက်ခြင်းအမှုကို မိမိ၏ ဗီတိုအာဏာအားဖြင့် ကန့်ကွက်ခြင်း၊ စိတ်ကျေနပ်မှုရှိသည်အထိ ရပ်ဆိုင်းထားခြင်း များကို လုံးဝလုပ်ပိုင်ခွင့်မရှိတော့ပေ။ ထို့ကြောင့် အထက်တွင်ဆိုခဲ့သည့်အတိုင်း 'စာတန်၏ရှေ့နေ' (Devil's Advocate) ဟူသော စကားရပ်သည် အမှတ်တမဲ့ ကြည့်ရလျှင် အပျက်သဘောဆောင်သည့် ဝေါဟာရအသွင်ဆောင်သော်လည်း လက်တွေ့တွင် ကက်သလစ်သာသနာတော်၏ ဓလေ့ကျင့်ထုံးများတွင် အရေးအပါဆုံး သော လုပ်ငန်းတာဝန်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် ရဟန္တာ (သို့) သူတော်သူမြတ် တင်မြှောက်ခြင်းအမှု၌ မရှိမဖြစ်လိုအပ်သည့် ရာထူးတစ်ရပ်အဖြစ် နားလည်ရှုမြင် နိုင်ကြောင်းတင်ပြအပ်ပါသည်။
Credit to
Bro. Benjamin Phyo Min (PYAY)
နောက်ဆုံးနှစ်ကိုရင်ကြီးများ၏ ခြေရာလက်ရာများ (၂ဝ၁၉ - ၂ဝ၂ဝ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment