လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

ခရစ်တော်ကိုရည်ညွှန်းသည့် ထင်ရှားသောသင်္ကေတများ

IHS, IHC (JHS)

ခရစ်တော်ကို ဂရိဘာသာစကားဖြင့် ဤကဲ့သို့စားလုံးပေါင်းပါသည်။ ၄င်း၏ပထမစားလုံးသုံးလုံးကိုယူကာ ခရစ်တော်ကိုရည်ညွှန်းသော IHS, IHC ဟူသည့် အတိုကောက်စကားလုံးသင်္ကေတထွက်ပေါ်
လာရခြင်းဖြစ်သည်။ ဂရိဝေါဟာရ (Sigma - စီးကမာ) ကို S သို့ C ပုံစံဖြင့်ရေးလေ့ရှိပါသည်။ ၄င်းသင်္ကေတကို လာတင်းဘာသာ စကားတွင် IHS, IHC ဟူ၍လည်းကောင်း၊ အင်္ဂလိပ်ဘာသာ စကားတွင် JHS ဟူ၍လည်းကောင်း ရေးလေ့ရှိပါသည်။
နောက်ပိုင်းတွင် IHS ကို Iesus Hominum Salvator (Jesus, the Savior of Men) လူသားတို့၏ကယ်တင်ရှင်ယေဇူး ဟူသည့်အနက်အဓိပ္ပါယ်အသစ် ဖြင့်အသုံးပြုလာကြပါသည်။

ရွှေနှလုံးတော်

ဆူးခွေနှင့်ရစ်ပတ်ထားပြီး လက်ဝါးကပ်တိုင်တစ်ခု ထိုးဖောက်စူးနစ် နေသောနှလုံးသားသင်္ကေတသည် ယေဇူး၏ရွှေနှလုံးတော်ဟု ခေါ်သည့် မွန်မြတ်သန့်ရှင်းသောရွှေနှလုံးတော် ဖြစ်သည်။ လူသား အားလုံးအပေါ်ထားသော ခရစ်တော်၏ အဆုံးအစမဲ့နက်ရှိုင်းသော ချစ်ခြင်းမေတ္တာတော်သင်္ကေတဖြစ်သည်။ မီးလျှံများသည် အချစ်မီး ဖြစ်သည်။

ပါစကားဖယောင်းတိုင်

နှစ်စဉ်နှစ်တိုင်း အီစတာပွဲတော်တွင်ထွန်းညှိသော ပါစကားဖယောင်းတိုင်သည် ပြန်ရှင်ထမြောက်တော်မူသော ခရစ်တော်ကိုရည်ညွှန်းသည့်သင်္ကေတဖြစ်သည်။ ဖယောင်းတိုင်မှ တောင်လောင်နေသောမီးစာသည် လောကအလင်းဖြစ်သော ခရစ်တော်၏ စံပါယ်တော်မူခြင်းကို သင်္ကေတဆောင်သည်။

မျိုးကြဲသူ

ခရစ်တော်ကို မျိုးကြဲသူတစ်ဦးအနေဖြင့် ပုံဖော်သည်။ ခရစ်တော် သည် တစ်ချိန်တွင် အသီးအပွင့်များစွာဖြစ်ထွန်းမည့် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ကယ်ချွတ်ခြင်းမျိုးစေ့များကိုကြဲပေးသူဖြစ်သည်။
ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား
အချင်းချင်းချိတ်ဆက်ထားသော စက်ဝိုင်းပြတ်သုံးခုသဏ္ဍာန်သည် ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော် ဘုရား၏သင်္ကေတဖြစ်သည်။ တူညီသော ပုဂ္ဂိုလ်သုံးပါးသည် တစ်ဆူ တည်းဖြစ်ခြင်းကိုရည်ညွှန်းသည်။

ကြက်ခြေခတ်သဏ္ဍာန်သော့များ

ကြက်ခြေခတ်သဏ္ဍာန်သော့နှစ်ခုသည် ပုပ်ရဟန်းမင်းကြီး၏ အခွင့်အာဏာသင်္ကေတဖြစ်သည်။ စိန့်ပီတာသည် ပထမဦးဆုံး ရဟန်းမင်းကြီးဖြစ်ပြီး ၄င်းအား ကောင်းကင်နိုင်ငံ၏သော့ကို ယေဇူး ခရစ်တော်က အပ်နှင်းတော်မူခဲ့သည်။ (ရှင်မာတေဦး ၁၆း၁၉)

ပုပ်ရဟန်းမင်းကြီး၏ သုံးခုထပ်လက်ဝါးကပ်တိုင်

ကန့်လန့်တန်းသုံးခုပါသော သုံးခုထပ်လက်ဝါးကပ်တိုင်သည် ပုပ်ရဟန်းမင်းကြီး၏ အခန့်အပ်ခံအမှုတော်ကိုရည်ညွှန်းသည်။ သမ္မာတရားကိုသွန်သင်သူ၊ သမ္မာတရားဖြင့်ကျင့်ဝတ်ပြဌာန်းသူ၊ သမ္မာတရားအတိုင်းစီရင်သူ ဟူသည့် ပုပ်ရဟန်းမင်းကြီး၏ အမှုတော်များကို ရည်ညွှန်းသောသင်္ကေတဖြစ်သည်။

Patriarchal Cross

နှစ်ခုထပ်လက်ဝါးကပ်တိုင်သည် ဂိုဏ်းချုပ်ဆရာတော်ကိုရည်ညွှန်း သည့်သင်္ကေတဖြစ်သည်။

ကျောက်ဆူး

ကျောက်ဆူးသည် မျှော်လင့်ခြင်း၏သင်္ကေတဖြစ်သည်။ အထူးသဖြင့် ကိုယ်တော်ရှင်ကတိထားတော်မူသော နောင်ဘဝအသက်တာ၏ မျှော်လင့်ခြင်းဖြစ်သည်။ ၄င်းကိုဝိညာဉ်ကျောက်ဆူးအဖြစ် ရှင်ပေါလု က ဟေဗြေဦးသြဝါဒစာတွင်ဖော်ပြခဲ့ဖူးသည် (ဟေ ၆း၁၉-၂ဝ) ကိုယ်တော်ရှင်အပေါ်ထားရှိသော ခရစ်ယာန်တို့၏ယုံကြည်မျှော်လင့် ခြင်းသည် ကျောက်ဆူးကဲ့သို့ခိုင်မာရမည်ဟူသောသတင်းစကားကို ယင်းသင်္ကေတကဖော်ပြနေခြင်းဖြစ်သည်။

(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလထုတ် မျိုးကြဲသူစာစောင်မှ
ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

No comments: