လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

၁၅ ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့



               ခရစ်တော်၌ချစ်လှစွာသော ဘာသာတူ ညီအကိုမောင်နှမအပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကာယ၏ကျန်းမာခြင်းနှင့်အတူ သာယာချမ်းမြေ့သောနေ့လေးကို ပိုင်ဆိုင်နိုင်ပါစေ။
             ၁၅ ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့မှာဖတ်ရှု့ကြားနာရမည့် ဧဝံဂေလိကျမ်းစာတော်မြတ်ကတော့ ရှင်လုကာ ခရစ်ဝင်ကျမ်း ၁ဝး၂၅-၃၇ ဖြစ်ပါတယ်။
           ဒီကျမ်းစာတော်မြတ်ထဲမှာ ထောက်ရှု့တရားယူစရာ အချက်နှစ်ချက်ကို တွေ့ရှိနိုင်ပါ တယ်။
ပထမအချက်အနေဖြင့် အခန်းငယ် ၂၅ တွင်တွေ့ရှိနိုင်ပါတယ်။ 'ထာဝရအသက်ကိုပိုင် ဆိုင်ရန် မည်သည့်အရာကို ပြုရပါမည်နည်း။ ဒုတိယအချက်အနေဖြင့် အခန်းငယ် ၂၇ တွင်တွေ့  ရှိနိုင်ပါတယ်။ 'သင်နှင့်နီးစပ်သောသူကို သင့်ကိုယ်ကို သင်ချစ်သကဲ့သို့ချစ်လော့။'
                 ကျမ်းတတ်ဆရာလူငယ်လေးတစ်ဦးက ထာဝရအသက်ကိုရရန် မည်သည့်အရာကိုပြုရပါ မည်နည်း ဆိုပီး သခင်ခရစ်တော်ကို မေးခဲ့ပါတယ်။ ကျွန်ုပ်တို့တတွေရော ဒီလိုမေးခွန်းမျိုး ဘယ်နှစ်ကြိမ် မေးခဲ့ဖူးပါသလဲ ပြန်စဉ်းစားကြည့်ရအောင်။ ငါ ထာဝရအသက်ရအောင် ဘာလုပ်ရ မလဲဆိုပီး ဘယ်နှစ်ခါ စဉ်းစားဖူးပါသလဲ။ ခေတ်ရေစီးကြောင်း တိုးတက်ပြောင်းလာတာနဲ့အမျှ လောကီစည်းစိမ်တွေဟာလဲ များသထက်များလာပါတယ်။ ကျွန်ုပ်တို့အားလုံးဟာ လောကီစည်းစိမ် တွေနဲ့သာပျော်ပါးနေကြပြီး တစ်နေ့တစ်ခြား ဝိညာဉ်ရေးရာမှာ တရားအားထုတ်မှု လျော့နည်းလာ ကြပါတယ်။ ဝမ်းစာအတွက် အလုပ်လုပ်ကြရတယ်ဆိုပေမယ့် အားလပ်တဲ့အချိန်တွေကို လူမှုစာ မျက်နှာ အင်တာနက်ပေါ်တွေမှာ၊ တခြားကိုအားသန်ရာ ဝါသနာတွေဘက်မှာ အချိန်ပေးနိုင်ကြ နေပေမယ့် ဘုရားကိုပေးဖို့ အချိန်မပေးနိုင်ဖြစ်လာပါတယ်။ ခေတ်ပညာနည်းစနစ်အပိုင်းမှာ တိုးတက်လာတာနဲ့အမျှ စောင့်ထိန်းလိုက်နာရမယ့် ကိုယ်ကျင့်တရား၊ ဝိညာဉ်ပေးကျင့်စဉ်တွေ လျော့နည်းပျက်စီးလာတာကိုလည်း ဝမ်းနည်းဖွယ် တွေ့ကြုံနေရပါတယ်။ ခေတ်ရေစီးကြောင်း နောက်မှာလိုက်ပီး လောကရဲ့ပျော်ရွှင်ခြင်းတွေထဲမှာ နစ်မြုပ်မနေပဲ  အစဉ်ထာဝရအသက်တာကို ပိုင်ဆိုင်ရရှိဖို့ အသိနဲ့သတိချပ်ပြီး ကြိုးစား အားထုတ်ဖို့ လိုအပ်ပါတယ်။ အတူကြိုးစားကြရ အောင်လို့ ဖိတ်ခေါ်ပါရစေ။
               ဒုတိယအချက်အနေနဲ့ ကိုယ်နှင့်နီးစပ်သောသူကို ကိုယ်ရှင်ကဲ့သို့ချစ်ရမည် လို့ဆိုပါတယ်။ ကိုယ်နှင့်နီးစပ်သောသူတွေက ဘယ်သူတွေလဲ။ ကိုယ့်မိသားစု၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေ၊ ပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေက ကိုယ်နဲ့နီးစပ်တဲ့သူတွေလား။ ကိုယ်နဲ့နီးစပ်သောသူဆိုတဲ့ နေရာမှာ ဘုရားရှင်ရဲ့ဖန်ဆင်းခံလူသား ချစ်သားသမီးအားလုံး၊ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း ဟာနီးစပ်တဲ့သူတွေပဲဖြစ်ပါတယ်။  ဒုက္ခအခက်အခဲနဲ့တွေ့ကြုံနေရတဲ့သူတွေ၊ အကူအညီလိုအပ် နေတဲ့သူတွေ၊ အားပေးနှစ်သိမ့်မှုကိုလိုအပ်နေတဲ့သူတွေကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ တတ်နိုင်သမျှကူညီပေးခြင်းဟာ ကိုယ်နဲ့နီးစပ်တဲ့သူတွေကို ကူညီနေခြင်း၊ ချစ်ခြင်းမေတ္တာပြသခြင်း၊ ဝေမျှနေခြင်းပဲ ဖြစ်ပါတယ်။ ကူညီပေးတဲ့နေရာမှာလည်း တတ်နိုင်သမျှ ချစ်ခြင်းမေတ္တာကိုအရင်းခဲ့ တဲ့ကူညီပေးခြင်းမျိုးကိုသာ ခရစ်တော်ဘုရားရှင်က အလိုရှိပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူ တွေကို တန်းဖိုးထားတတ်ခြင်း၊ သူတို့အတွက် စွန့်လွှတ်အနစ်နာခံတတ်တဲ့ စိတ်နေစိတ်ထား၊ ကိုယ့်မှာရှိတာကို သူတို့အတွက် ဝေမျှပေးဝေတတ်တဲ့ ရက်ရောမှုမျိုးတွေဟာ ကိုယ်နဲ့နီးစပ်တဲ့သူတွေကို ကိုယ်ရှင်ကဲ့သို့ချစ်ပါဆိုတဲ့ သခင်ခရစ်တော်ရဲ့စကားတော်ကို လက်တွေ့ ကျင့်ကြံခြင်း၊ ဘုရားသခင်ရဲ့အလိုတော်အတိုင်းနေထိုင်ခြင်းဖြစ်ပါတယ်။ လိုအပ်သောကျေးဇူးတော်များကိုတောင်းခံရင် အတူတကွ ကျင့်ကြံကြိုးစားကြပါစို့လို့ ဖိတ်ခေါ်ဝေမျှရင်း . . .


Bro. Joseph ဇေယျာအောင်

No comments: