လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

အရှင်သူမြတ်ကြီးဖရန်စစ် မြန်မာပြည်ကြွလာသောအခါ




 နိုဝင်ဘာလ ၂၇-၃၀ ရက်နေ့အထိ သုံးရက်တာ လည်ပတ်ခြင်းအနေနဲ့ မြန်မာနိုင်ငံကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကြွရောက်လည်ပတ်မှာဖြစ်ပါတယ်။ ဒါဟာ သမိုင်းဝင်ဖြစ်ရပ်တစ်ခုပါပဲ။ အခုလို ပုပ်ရဟန်းမင်းကြီးတစ်ပါး မြန်မာပြည်ကိုကြွရောက်လည်ပတ်တာဟာ လုံးဝပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံတော်တော်များများကိုလည်း ပုပ်ရဟန်းမင်းကြီးကြွရောက်လည်ပတ်ကြပါတယ်။ အဲဒီလို ကြွရောက်လည်ပတ်ပြီးတိုင်း ဧည့်ဝတ်ပြုတဲ့နိုင်ငံတိုင်းဟာ ကောင်းကြီးမင်္ဂလာအထူးခံစားကြရတာကို တွေ့ရှိရပါတယ်။ နိုင်ငံရေး၊ လူမှု့ရေး၊ စီးပွားရေးတွေမှာ တိုးတက်လာရုံမကဘဲ ပြည်တွင်းအတွင်းမှာလည်း ငြိမ်းချမ်းသာယာလျက် ရှိလာကြတာကို သတိပြုမိပါတယ်။ ကမ္ဘာ့အသိအမှတ်ပြုခြင်းကိုလည်း ခိုင်မာစွာရရှိသွားကြပါတယ်။ ဒီတော့ ပုပ်ရဟန်းမင်းကြီးဆိုတာ ဘယ်လိုပုဂ္ဂိုလ်များပါလိမ့်။ ဘယ်လို လည်ပတ်ခြင်းမျိုးလဲ။ ဘာ့ကြောင့် ကြွရောက်လည်ပတ်ပါသလဲ။ ကြွရောက်လာသောအခါ ဘာတွေလုပ်လေ့ရှိပါသလဲ။
ပုပ်ရဟန်းမင်းကြီးဆိုတာ ၁.၂၈၅ သန်းရှိတဲ့ တကမ္ဘာလုံးရဲ့ ကက်သလစ်ခရစ်ယာန်အသင်းတော်ကြီးရဲ့ ဦးသျှောင်ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။ ဗာတီကန်နန်းတော်မှာ နန်းစံပြီး စိန်ပီတာဘာစီလီကာ ကျောင်းတော်ကြီးမှ တကမ္ဘာလုံးရှိ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များကို တရားတော်မှာလမ်းညွှန်ပေးပါတယ်။ ဒါ့အပြင် အခြားဘယ်သူဘယ်ဝါခွဲခြားမှုမရှိဘဲ တကမ္ဘာလုံးရဲ့ ကောင်းကျိုးအတွက် အမြဲတမ်းဟောပြောလမ်းပြနေပါတယ်။ ဒါ့ကြောင့် နိုင်ငံပေါင်း ၁၈၃ နိုင်ငံနဲ့ သံတမန်ဆက်ဆံရေးတည်ထောင်ပြီး လူသားကောင်းကျိုးနဲ့ ကမ္ဘာ့ကောင်းကျိုးကို သယ်ပိုးလျက်ရှိပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ကြွရောက်လည်ပတ်ခြင်းဟာ Apostolic Visit လို့ဆိုပါတယ်။ တနည်းတဖုံပြောရရင်တော့ နိုင်ငံတစ်နိုင်ငံမှာမှီတင်းနေထိုင်ကြတဲ့ ယုံကြည်သူဘာသာဝင်တွေဆီ ဦးသျှောင်ဖခင်ကြီးအနေနဲ့ ကြွရောက်လည်ပတ်ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် သိုးစုတွေရှိရာ သိုးထိန်းကြီး ကြွလာပြီလို့ ဆိုလေ့ရှိကြပါတယ်။ အဲဒီ apostolic visit မှာ ကြွရောက်မယ့် နိုင်ငံရဲ့ သံတမန်ဆက်ဆံရေးလည်း ရှိတာမို့ အစိုးရပိုင်းဆိုင်ရာတွေမှာလည်း အားလုံးချိတ်ဆက်ပါတယ်။ နိုင်ငံရေးစကားအရ ဗာတီကန်ဟာ သီးသန့်ရပ်တည်ပြီး သံတမန်ဆက်ဆံရေးရှိတာမို့ နိုင်ငံတစ်ခုရဲ့ အကြီးအကဲတစ်ဦးလိုကြွရောက်လာပေမယ့်လည်း ကက်သလစ်ခရစ်ယာန်ဘာသာရဲ့ ဘာသာရေးဦးသျှောင်အဖြစ်နဲ့သာ ကြွရောက်ခြင်းဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ် မြန်မာပြည်ကိုဘာကြောင့်ကြွရောက်လည်ပတ်ပါသလဲ။ ပုပ်ရဟန်းမင်းကြီး တစ်ပါးစီတိုင်းမှာ ထူးခြားတဲ့ကျေးဇူးတော်တွေ ပိုင်ဆိုင်တတ်ကြပါတယ်။ ကျွန်တော်တို့ လက်လှမ်းမှီသလောက်ဆို ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါလ်ဆိုရင် နိုင်ငံပေါင်းများစွာကို ကြွရောက်လည်ပတ်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ၊ ဘာသာရေးခေါင်းဆောင်ကြီးတွေနဲ့အတူ လက်တွဲပြီး ကမ္ဘာ့အကျိုးကိုများစွာသယ်ပိုးခဲ့တာမို့ စံနမူနာထားပြီးကြည်ညိုရတဲ့ ပုဂ္ဂိုလ်မြတ်ကြီးပါပဲ။ အရှင်သူမြတ်ကြီးရဲ့ အရိုက်ရာကိုဆက်ခံတဲ့ ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၆)ဆိုရင်လည်း သိပ်ကိုထက်မြက်ပြီး ကမ္ဘာ့အကျိုးသယ်ပိုးဖို့ နိုင်ငံပေါင်းများစွာကို လည်ပတ်ဖြစ်ခဲ့ပါတယ်။ မတည့်တဲ့ခေါင်းဆောင်ကြီးတွေကိုလည်း မျက်နှာချင်းဆိုင်ထိုင်နိုင်အောင်၊ ဆွေးနွေးပြောဆိုနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါသေးတယ်။ အရှင်သူမြတ်ကြီးအနားယူသွားချိန်မှာ ၎င်းရဲ့အရိုက်ရာကိုဆက်ခံသူ ယခုလက်ရှိ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဆိုရင်လည်း နိုင်ငံပေါင်းများစွာကို ခရီးနှင်ပြီး ကမ္ဘာ့ကောင်းကျိုးတွေကို သယ်ပိုးလျက်ရှိနေပါတယ်။ အထူးသဖြင့် ဆင်းရဲပြီး ဖွံ့ဖြိုးစနိုင်ငံတွေကို ရွေးချယ်ပြီး ကမ္ဘာမှာ မျက်နှာပန်းပွင့်စေပါတယ်။ နိုင်ငံရေးအကြပ်အတည်းတွေရိုက်နေတဲ့နိုင်ငံတွေ၊ ဒေသငြိမ်းချမ်းရေး မရှိတဲ့နိုင်ငံတွေ၊ မညီညွတ်တဲ့နိုင်ငံတွေကို ရွေးချယ်လည်ပတ်ပြီး တရားသဘောနဲ့အတူ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ဖို့ ကူညီပေးပါတယ်။ လတ်တလော ကိုလံဘီယာခရီးစဉ်မှာပင် နှစ် ၅၀ ကျော်ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ကိုရပ်ပစ်နိုင်ခဲ့ပါတယ်။ အရှင်သူမြတ်ကြီးရဲ့ ခရီးစဉ်မှာလည်း ပြန်လည်ကြေအေးသင့်မြတ်ခြင်းနဲ့ ငြိမ်းချမ်းရေးကို ထပ်မံသယ်ပိုးဆောင်ရွက်ကြဖို့ ထပ်မံအားပေးခဲ့တာကို တွေ့ရပါတယ်။
မြန်မာပြည်အား အရှင်သူမြတ်ကြီးကြွရောက်လည်ပတ်ခြင်းအားဖြင့် နိုင်ငံတော်မှာဖော်ဆောင်နေတဲ့ ဒီမိုကရေစီအပြောင်းအလဲကို ကမ္ဘာ့အလယ်မှာ ရပ်တည်ပေးရာရောက်ပါလိမ့်မယ်။ အရှင်သူမြတ်ကြီးရဲ့ လည်ပတ်ခြင်းအားဖြင့် နိုင်ငံတကာရဲ့စိတ်ချယုံကြည်မှုကို ရလာစေပါလိမ့်မယ်။ ကာလကြာရှည် ဖြစ်ပေါ်နေတဲ့ နိုင်ငံအတွင်းက စစ်ပွဲတွေ အဆုံးသပ်ဖို့လည်း အထောက်အကူညီဖြစ်စေပြီး အခုကြိုးပမ်းနေကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဒီ့ထက်အရှိန်ကောင်းကောင်းနဲ့ ဖော်ဆောင်ဖို့ အကူညီဖြစ်လာနိုင်ပါတယ်။ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကြားမှာလည်း အတူတကွ လက်တွဲကြပြီး နိုင်ငံအတွင်း ဒေသအတွင်းမှာ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို ပိုမိုလွှမ်းမိုးလာစေပါလိမ့်မယ်။
မြန်မာနိုင်ငံကို ပုပ်ရဟန်းမင်းကြီးကြွရောက်လာတဲ့အခါ နေပြည်တော်နဲ့ ရန်ကုန်ကို လည်ဖြစ်မယ်လို့ ဆိုပါတယ်။ တဖက်မှာ နိုင်ငံတော်အကြီးအကဲတွေကို လေးစားမှုပြုပြီး တဖက်မှာလည်း ဘာသာဝင်တွေနဲ့အတူ နီးကပ်စွာနေပါလိမ့်မယ်။ ဒါ့ကြောင့် တရားပွဲတော်ကြီးကိုလည်း ခမ်းနားစွာ ကျင်းပပြုလုပ်ပါလိမ့်မယ်။ ကက်သလစ်ခရစ်ယာန်များအတွက် အိမ်မက်ကြီး တကယ်ဖြစ်လာပါလားဆိုပြီး မယုံနိုင်တဲ့အံ့သြမှုတွေနဲ့အတူ အရှင်သူမြတ်ကြီးကို တကယ်ဖူးမျှော်ခွင့်ရကြပါလိမ့်မယ်။ ကက်သလစ်ခရစ်ယာန်တွေအတွက် ၀ိညာဉ်ရေးခွန်အားတွေပြန်လည် ပြည့်ဝလာပါလိမ့်မယ်။
ဒါပေမယ့်လည်း စိုးရိမ်စိတ်တွေလည်း တချို့ရှိနေတာက လက်ရှိနိုင်ငံအတွင်းဖြစ်နေတဲ့ ပဠိပက္ခတွေရဲ့ ဂရိုက်ပါပဲ။ ဘာသာရေးပုဂ္ဂိုလ်ကြီးအနေနဲ့ ဘယ်သူဘယ်ဝါတွေပဲဖြစ်ဖြစ် အပစ်မရှိဘဲ ဓါးစားခံအဖြစ် ခံစားကြရတဲ့ လူသားတွေအားလုံးကို စာနာတဲ့အကြောင်း အရှင်သူမြတ်ကြီးက ပြောမှာသေချာပါတယ်။ နေအိမ်တွေကိုပစ်ပြီး ရွေ့ပြောင်းကြရတဲ့ စစ်ဘေးဒဏ်ခံရတာတွေကို သေချာပေါက် အသံထွက်ပေးပါလိမ့်မယ်။ ဘာသာတရားရဲ့အဆုံးမတွေဖြစ်တဲ့ တရားမျှတခြင်း၊ လူလူချင်းမေတ္တာထားခြင်း၊ အဖိနှိပ်ခံတွေဘက်က ရပ်တည်ပေးခြင်း၊ ဆင်းရဲသားတွေဘက်က ရပ်တည်ပေးခြင်းနဲ့အတူ ငြိမ်းချမ်းခြင်းတရားများ ဟောပြောလေ့ရှိတာကိုလည်း အရှင်သူမြတ်ကြီးရဲ့ လည်ပတ်မှုတိုင်းမှာ သုံးသပ်နိုင်ပါတယ်။
လိုဂိုမှာ ဖော်ပြထားသလိုပဲ love and peace ဆိုတဲ့အတိုင်း မေတ္တာတရားနဲ့ ငြိမ်းချမ်းခြင်းတို့ ကျနော်တို့ မြန်မာပြည်မှာ လွှမ်းခြုံပါစေ။ ခရစ်ယာန်ရဲ့ငြိမ်းချမ်းခြင်းဟာ မေတ္တာတရားမှာ တွေ့နိုင်ကြောင်း သက်သေခံကြပါစို့။ မေတ္တာတရားကို မြန်မာလူမျိုးတွေသိပ်ကို တန်ဖိုးထားကြပါတယ်။ အဲဒီမေတ္တာတရားက ငြိမ်းချမ်းရေးကို လမ်းခင်းပေးပါလိမ့်မယ်။ ဒါ့ကြောင့် မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်ပေးဖို့ အရှင်သူမြတ်ကြီး ကြွရောက်လာပါလိမ့်မယ်။ မြန်မာပြည်ကြီး ကောင်းကြီးခံစားရပါစေ။


(ဒိုမီနီကန်ကိုရင် Facebook မှတဆင့်ဖော်ပြသည်။)


No comments: