စိန်ဂျိုးဇက်-သီလှရှင်များအသင်းဂိုဏ်းကိုတည်ထောင်သူ
စိန်အယ်မလီ (St. Emily of Vialar)ကို ပြင်သစ်ပြည်တောင်ပိုင်းရှိ ဂိုင်းယတ် (Gaillac)လို့ခေါ်တဲ့ မြို့ငယ်လေးမှာ စက်တင်ဘာလ ၁၂ ရက်နေ့၊ ၁၇၉၇ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ သူမရဲ့ မိသားစုဟာ ဒေသအတွင်းမှာကော၊ အခြားနေရာတွေထိအောင် လူသိများပါတယ်။
သူမရဲ့ အမေဘက်က အဖိုးဆိုရင် ပြင်သစ်ဘုရင် လူးရစ် (၁၆) ရဲ့မြှောက်စားခြင်းခံခဲ့ရပြီး ဘုရင်လူးရစ် (၁၈)လက်ထက်နဲ့ ချားစ် (၁၀)တို့လက်ထက်မှာ နန်းတွင်း-တော်ဝင်ဆေးဆရာကြီးဖြစ်လာခဲ့ပါတယ်။ အယ်မလီရဲ့ မိခင်ကတော့ ဘာသာတရားသိပ်ကို ကိုင်းရှိုင်းတာပါ။ အယ်မလီမှာ မောင်ငယ်နှစ်ယောက်လည်း ရှိပါတယ်။
အယ်မလီဟာ နယ်မှာမွေးဖွားပေမယ့် ပဲရစ်မြို့ကြီးမှာ ပညာလေ့လာခဲ့ရသူပါ။ ဒါပေမယ့်လည်း မိခင်ဆုံးသွားပြီးနောက်ပိုင်း သူမအသက် ၁၅နှစ်အရွယ်မှာ နေရပ်သို့ပြန်ခဲ့ပြီး ဖခင်ရဲ့ လွှမ်းမိုးမှု့အောက်မှာပဲ နေခဲ့ရပါတော့တယ်။ ဖခင်နဲ့ကြားမှာ ခက်ခဲတာကတော့ သူမရဲ့ မင်္ဂလာကိစ္စကို အတင်းစီစဉ်ပေးတာပါပဲ။ သူမငြင်းဆန်လေ သူဒေါသထွက်လေလေပါပဲ။ ပိုဆိုးတာက ဆင်းရဲတဲ့ကလေးတွေကို စာသင်ပေးလို့၊ လူနာတွေကို ဂရုစိုက်စောင့်ရှောက်ပေးလို့ သူမအဖေ ဒေါသအမျက်ကြီးထွက်ခဲ့ပါသေးတယ်။
၁၈၃၂ ခုနှစ်၊ သူမရဲ့အဖိုးဆုံးသွားပြီးနောက် သူမရဲ့ဘ၀တဆစ်ချိုးပြောင်းခဲ့ပါတယ်။ သူမရရှိခဲ့တဲ့ အဖိုးရဲ့အမွေနဲ့ ဂိုင်လတ်ခ်မြို့လေးမှာ အိမ်ကြီးတစ်လုံးဝယ်ခဲ့ပါတယ်။ သူမရဲ့ဝိညာဉ်ရေးရာ အကြံပေး ဘုန်းကြီး မက်စီးယားရဲ့ အကူညီနဲ့ သူမတို့အပေါင်းဖော်သုံးယောက်ဟာ ရူပါရုံမြင်သော စိန်ဂျိုးဇက်၏ သီလှရှင်များအသင်းဂိုဏ်းကို စတင်ခဲ့ကြပါတော့တယ်။ ၁၈၃၅ ခုနှစ်မှာပင် အသင်းဂိုဏ်းဝင် ၁၈ ဦးဖြစ်လာခဲ့ပြီး စည်းမျဉ်းဥပဒေများလည်း အတည်ပြုချက်ရရှိခဲ့ပါတယ်။ အသင်းဂိုဏ်းဝင် သီလှရှင်များဟာ နာမကျန်းဖြစ်သူတွေကို စောင့်ရှောက်ပေးခြင်း၊ နောက်ပြီး ပညာရေးအတွက် မတတ်နိုင်တဲ့ကလေးသူငယ်များကို ပညာသင်ပေးခြင်းတို့မှာ စိတ်ရောကိုပါနစ်ခဲ့ကြပါတယ်။
သိပ်မကြာခင်မှာပဲ အယ်မလီရဲ့အသင်းဂိုဏ်းဟာ အခြားနိုင်ငံတော်တော်များများဆီကို ပြန့်နှံ့လာခဲ့ပါတယ်။ သူမရဲ့နေရပ်မှာတော့ ဆရာတော်ကြီးနဲ့ နယ်မြေအခွင့်အာဏာပြသနာတက်လို့ သူတို့အိမ်ကြီးကတော့ ချိတ်ပိတ်လိုက်ရပါတယ်။ ဒါပေမယ့် နယ်မြေသစ်များဆီ ဆက်လက်ခရီးနှင်ရင်း သာသနာပြုလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်။ ၁၈၄၅ ခုနှစ်မှာတော့ သူမရဲ့ဇာတိရပ်သို့ ပြန်လာခဲ့ချိန်မှာတော့ အဲဒီမှာကျန်ခဲ့တဲ့ သီလှရှင်တွေဟာ ဥပဒေအရခြောက်လှန့်ခံနေရပြီး အသင်းဂိုဏ်းပျောက်ခါနီးဖြစ်နေခဲ့တာကို ကြုံခဲ့ရပါတယ်။ သူမပျံလွန်ချိန် ၁၈၅၆ ခုနှစ်၊ သူမဟာ အသင်းဂိုဏ်းကိုတည်ထောင်နိုင်ခဲ့ပါပြီ။- သီလှရှင်ကျောင်းပေါင်း ၄၀ ကိုလည်း ကမ္ဘာအနှံ့မှာ တည်ထောင်ခဲ့ပြီးပါပြီ။ ဥရောပတခွင်မှ မြန်မာနိုင်ငံထိ၊ နောက် သြစတေးလျထိအောင် ပြန်နှံ့နေခဲ့ပါပြီ။ သူမကို ၁၉၅၁ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ပီဦး (၁၂)မှာ ရဟန္တာမအဖြစ် တင်မြှောက်ကြေငြာခဲ့ပါတယ်။
စိန်အယ်လီရဲ့ နောက်ဆုံးမှာကြားခဲ့တဲ့စကားတွေထဲမှာ - အချင်းချင်း ချစ်ကြပါ။ ချစ်ခြင်းမေတ္တာဟာ ကောင်းတဲ့အတွေး တွေးရုံသက်သက်၊ ကောင်းတဲ့ဆန္ဒပြုရုံသက်သက် မဟုတ်ပါဘူး။- ချစ်ခြင်းမေတ္တာမှာ လုပ်ဆောင်ချက်လိုအပ်ပါတယ်။ သံမာတေဦး ၂၅း၃၁-၄၆ မှာ ခရစ်တော်သခင် ပြောဆိုခဲ့သလိုပဲ၊ စိန်အယ်လီဟာ သူမဘ၀တလျှောက်လုံးနဲ့ သက်တည်ပြခဲ့သလိုပဲ၊ မေတ္တာစစ်ဟာ ဆာငတ်နေသူတွေကို ကျွေးမွေးစေတယ်၊ အ၀တ်စားမဲ့သူတွေကို အ၀တ်အစားပေးစေတယ်၊ နာမကျန်းသူတွေဆီကို အကြည့်အရှု့သွားစေတယ်၊ ဂရုစိုက်စေတယ်၊ အကျဉ်းကျခံနေသူတွေကို ဂရုစိုက်လည်ပတ်စေတယ်၊ သူစိမ်းတွေကို ကြိုဆိုစေတယ်။
စိန်အယ်လီရဲ့ ဘ၀ပုံရိပ်တွေဟာ ဒီနေ့ကျွန်တော်တို့ကို ဆက်လက်ခွန်အားပေးပြီး အတုယူစရာဖြစ်စေပါကြောင်း တစ်ဦးချင်းစီကို ဆန္ဒပြုလျက်၊
ဒိုမီနီကန်ကိုရင်

No comments:
Post a Comment