ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်အား အာဂျင်တီးနားနိုင်ငံ ဘွယ်နော့စ်အိုင်းရက် မြို့တွင် ဒီဇင်ဘာလ ၁၇ ရက် ၁၉၃၆ ခုနှစ်တွင် ဖွါးမြင်ခဲ့သည်။ အမည်ရင်းမှာ ဟော်ဟဲ မာရီယို ဘယ်ဂေါ်လီယို (Jorge Mario Bergoglio) ဖြစ်သည်။ သူ၏ မိဘများမှာ အီတလီမှ အာဂျင်တီးနားသို့ ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်သည်။
နည်းပညာကျောင်းမှ ဓါတုဗေဒ အထူးပြုဖြင့် အောင်မြင်ခဲ့ပြီး ရဟန်းဖြစ်သင်ကျောင်းသို့ ဝင်ရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ယေဇူး၏မိတ်ဆွေများ အသင်းဂိုဏ်း (Jesuit) သို့ ဝင်ရောက်ခဲ့သည်။ ၁၉၆၄ မှ ၁၉၆၅ ခုနှစ်အထိ ဆန်တာ ဖေး (Santa Fé) ရှိ အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော် ကောလိပ်တွင် စာပေ နှင့် စိတ်ပညာ ဘာသာရပ်များ ကိုသင်ကြားပေးခဲ့ပြီး ၁၉၆၆ တွင် ဘွယ်နော့စ်အိုင်းရက်မြို့ရှိ ဆာလ်ဗာတော်ရေးကောလိပ်တွင်လည်း ထိုဘာသာရပ်များကို သင်ကြားပေး ခဲ့သည်။ ဓမ္မသင်္ဂြိုလ်ပညာရပ်များကို ၁၉၆၇ မှ ၁၉၇၀ အထိ ဆန်ဟိုဇေး ကောလိပ်တွင် တက်ရောက် သင်ယူခဲ့ပြီး ဘွဲ့ရရှိ ခဲ့သည်။ သူ၏ ဓမ္မသင်္ဂြိုလ်ပညာရပ်ဆိုင်ရာ ပါရဂူ စာတမ်းကို ၁၉၈၆ ခုနှစ်တွင် ဂျာမဏီနိုင်ငံ ဖရိုင်းဘတ်၌ အဆုံးသတ် တင်သွင်းခဲ့သည်။
၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကက်သလစ် ရဟန်းတစ်ပါးအဖြစ် ရဟန်း သိက္ခာခံယူသည်။ စာပေများ ဆက်လက်ဆည်းပူးရန် စပိန်နိုင်ငံသို့ ၁၉၇၀ မှ ၁၉၇၁ အထိ သွားရောက်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် အာဂျင်တီးနားရှိ ယေးဇူး မိတ်ဆွေများ အသင်း၏ အကြီးအကဲ အဖြစ် ခြောက်နှစ်တာ ထမ်းဆောင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် မေလ ၂၀ ရက် နေ့တွင် ဘွယ်နော့စ်အိုင်းရက်၏ လက်ထောက် ဆရာတော်အဖြစ် ခန့်အပ်ခံရသည် အထိ တက္ကသိုလ်ပါမောက္ခ၊ ကျောင်းထိုင်ဘုန်းတော်ကြီး၊ ဝိညာဉ်ရေး လမ်းညွှန်ဘုန်တော်ကြီး စသည့် အမှုတော် အမျိုးမျိုး ထမ်းဆောင်ခဲ့သည်။
၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ ဘွယ်နော့စ်အိုင်းရက် မြို့၏ ဂိုဏ်းချုပ် ဆရာတော်ကြီး အဖြစ် အမှုတော်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ရဟန်းမင်းကြီးအမတ် (ကာဒီနယ်) အဖြစ် တင်မြှောက်ခံခဲ့ရသည်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အာဂျင်တီးနားနိုင်ငံ ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။
မတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ်တွင် ရိုမင်ကက်သလစ် အသင်းတော်၏ ၂၆၆ ပါးမြောက် ရဟန်းမင်းကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရ သည်။ ရဟန်းမင်းကြီး အဖြစ် ခန့်အပ်ခံရစဉ် အီတလီနိုင်ငံ အစီစီမြို့သား ရဟန္တာ ဖရန်စစ် အစီစီ ကို စံနမူနာပြုကာ "ဖရန်စစ်" ဟု ဘွဲ့နာမ ယူခဲ့သည်။
ရဟန်းမင်းကြီးအဖြစ် ခန့်အပ်ခြင်းခံရပြီး ပထမဦးဆုံး နိုင်ငံတကာ ခရီးစဉ်အဖြစ်ဘရာဇီးလ် နိုင်ငံသို့ ၂၀၁၃ ခုနှစ် ဇူလိုင်လ တွင်သွားရောက်ခဲ့သည်။ ဒီဇင်ဘာလ ၂၀၁၃ ခုနှစ်တွင် တိုင်းမ် မဂ္ဂဇင်း၏ Person of the Year အဖြစ် သတ်မှတ်ခံခဲ့ ရသည်။ ပုပ်ရဟန်းမင်းကြီး အဖြစ် ခန့်အပ်သည်မှ ယနေ့တိုင် သူ၏ နှိမ့်ချခြင်း၊ ကမ္ဘာပေါ်ရှိ ဆင်းရဲသားများနှင့် အပယ်ခံ များ ဖက်မှ ရပ်တည် ပြောဆိုခြင်း၊ နိုင်ငံတကာသံတမန်ဆက်ဆံရေးများနှင့် သဘာဝပတ်ဝန်းကျင် အရေးများတွင် တက်ကြွ စွာ ပါဝင် လုပ်ဆောင်သူအဖြစ် အသိအမှတ်အပြု ခံထားရသည်။
(Credit to Rev. Fr. Mariano Soe Naing-SDB)
No comments:
Post a Comment