မယ်တော်သခင်မသည် ဖာတီမာမြို့၌ ၁၉၁၇ ခု၊ မေ ၁၃ ရက်မှ အောက်
တိုဘာ ၁၃ ရက်ထိ ၆ ကြိမ် ထင်ရှားပြခဲ့သောအခါ ကလေးသုံးဦးဖြစ်သည့်
လူစီယား ၁ဝ နှစ်၊ ဖရန်စစ် ၉ နှစ်၊ ဂျာစင်တာ ၇ နှစ် တို့အား ပြောကြားခဲ့
သည်များမှ အောက်ပါအတိုင်းဖြစ်သည်။ ဤမှတ်တမ်းများကို ယနေ့အထိ
အသက်ရှင်နေသေးသော လူစီယား၏ မူရင်းမှတ်တမ်းများမှ ကောက်နှုတ်
ဖော်ပြထားခြင်းဖြစ်သည်။
၁၃-၅-၁၉၁၇။ ဘုရားသခင်အား ထိခိုက်ကျူးလွန်နေသော အပြစ်သည်များ ပြောင်းလဲလာရန်အတွက် သင်တို့ကိုယ်သင်တို့ ဘုရားသခင်အား ပူဇော်လိုကြပါသလား။ ၄င်းအပြင် ဘုရားသခင်ချပေးမည့် ဒုက္ခဝေဒနာများ သင်တို့ ခံထမ်းလိုကြပါသလားဟု မေးရာ ပူဇော်လိုပါကြောင်း ခံထမ်းလိုပါကြောင်း ပြန်ကြားခဲ့ကြသည်။ ထို့နောက် မယ်တော်က ဘုရားသခင်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါလိမ့်မည်။ စိပ်ပုတီးကို နေ့စဉ်စိပ်ကြပါ။ စစ်ငြိမ်း၍ ငြိမ်သက်ခြင်း ရှိလိမ့်မည်ဟု ပြောခဲ့သည်။ (ဤအချိန်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားနေခဲ့သည်။)
၁၃-၆-၁၉၁၇။ ။ စိပ်ပုတီးကို နေ့စဉ်စိပ်ကြပါ။ နက်နဲလှသော အချက်တစ်ခုကို ဆိုပြီးလျှင် အိုယေဇူး ကျွန်ုပ်တို့၏ အပြစ်များကို အခွင့်ချမ်းသာ ပေးသနားတော်မူပါ၊ ငရဲမီးဒဏ်မှ ကျွန်ုပ်တို့ကို ကာကွယ်တော်မူပါ၊ ၀ိညာဉ်များကို သနားတော်မူပါ၊ အထူးသဖြင့် ကိုယ်တော်၏သနားခြင်းကို အလွန်လိုလားနေသော ၀ိညာဉ်များကို မိုးကောင်းကင်သို့ပို့ဆောင်တော်မူပါ ဟုဆိုရန် သွန်သင်ပေးခဲ့သည်။ ထို့နောက် လူစိယားအား ပြောကြားခဲ့သည်မှာ သင်မှတစ်ဆင့် လူသားများသည် ငါ့ကိုသိရှိလာစေရန် ဘုရားသခင်သည် အလိုရှိသည်။ ၄င်းအပြင် သင်မှတစ်ဆင့် ငါ၏ သန့်ရှင်းစင်ကြယ်သော နှလုံးတော်အား ကြည်ညိုမှုရှိရန် ဆောင်ရွက်စေလိုပါသည်။ (ဤနေရာတွင် လူစီယားအား လျှို့ဝှက်သော သတင်းတစ်ခုကို ပေးခဲ့သည်။ ထိုသတင်းကို လူစီယားသည် ရဟန်းမင်းကြီးထံသို့ ၁၉၂၇ ခုနှစ်တွင် တင်ပြခဲ့သည်)။ သင်နှင့် အတူငါရှိမည်။ ငါ၏သန့်ရှင်းစင်ကြယ်သော နှလုံးတော်သည်လည်း သင့်အားငြိမ်သက်ခြင်း ပေးလိမ့်မည်ဟု ပြောခဲ့သည်။
၁၃-၇-၁၉၁၇။ ။ မယ်တော်ကို ဂုဏ်ပြုရန်လည်းကောင်း၊ ဤကမ္ဘာပေါ်၌ ငြိမ်သက်ခြင်းရှိရန်လည်းကောင်း၊ စစ်ပြီးဆုံးရန်လည်းကောင်း၊ စိပ်ပုတီးကို ဆက်လက်စိပ်ကြပါ။ အကြောင်းမှာ ငြိမ်သက်ခြင်းကို ဘုရားသခင်သည် ငါထံမှတစ်ဆင့် ချပေးမည်။ အောက်တိုဘာတွင် ငါမည်သူဖြစ်သည်ကို သင်တို့အား ပြောကြားမည်။ ထိုနေ့၌ တန်ခိုးလက္ခဏာတစ်ခုကို တွေ့ရလိမ့်မည်။ (ဤနေရာတွင် လူစီယားအား ဒုတိယလျှို့ဝှက်ချက် သတင်းတစ်ခုကို ပေးခဲ့သည်။ ထိုသတင်းကို လူစီယားသည် ရဟန်းမင်းကြီးထံသို့ ၁၉၄ဝ ခုနှစ်တွင် တင်ပြခဲ့သည်)။
အပြစ်ရှိသူများအတွက် ဒဏ်ဆပ်ဖြေကြပါ။ ဒဏ်ဆပ်ဖြေသောအခါ အိုယေဇူး ဤသည်ကား ကိုယ်တော်ကို ချစ်သောကြောင့်လည်းကောင်း၊ အပြစ်ရှိသူများပြောင်းလဲလာဖို့အတွက်လည်းကောင်း၊ မယ်တော်၏ သန့်ရှင်းစင်ကြယ်သော နှလုံးတော်အား ထိခိုက်ကျူးလွန်သူများအတွက် လည်းကောင်း ပူဇော်ခြင်း ဖြစ်ပါသည် ဟုဆိုရန်သွန်သင်ပေးခဲ့သည်။ (ဤနေရာတွင် ကလေးများအား ငရဲကို ပြသခဲ့သည်။ လူသားများငရဲမီး၌ အရှင်လတ်လတ် အလူးအလဲခံစားနေကြသည်ကို ကလေးများ မြင်တွေ့ခဲ့ကြသည်။) သင်တို့သည် ငရဲ၌ အပြစ်ရှိသူများ ခံစားကြရသော ဝေဒနာများကို တွေ့မြင်ခဲ့ကြပြီ။ ငါပြောသည့်အတိုင်းလုပ်ပါက များစွာသော ဝိညာဉ်တို့သည် ကယ်တင်ခြင်းသို့ ရောက်နိုင်မည်။ ငြိမ်သက်ခြင်း ရှိလိမ့်မည်။ ယခုစစ်ပွဲသည်လည်း မကြာမီ ပြီးဆုံးသွားမည်။ သို့သော် လူသားများသည် အပြစ်ကို စွန့်လွှတ်ခြင်းမပြုပဲ၊ ဘုရားသခင်ကို ဆက်လက် ထိခိုက်ကျူးလွန်ကြပါက သာ၍ဆိုးရွားသော စစ်ပွဲနောက်တစ်ကြိမ် ဖြစ်ပေါ်လာမည်။ ဤအရာကို ရှောင်ရန်အတွက် ငါသည် ဤကမ္ဘာသို့ ပြန်လည်ရောက်လာဦးမည်။ ရုရှားပြည်အား ငါ၏ သန့်ရှင်းစင်ကြယ်သော နှလုံးတော်အား ပူဇော်ရန် တောင်းဆိုမည်။ (ဤပြောဆိုချက်အရ မယ်တော်သည် အသက်ရှင်နေသေးသော လူစီယားထံသို့ ၁၃-၆-၁၉၂၉ တွင် ထင်ရှားပြ၍ တောင်းဆိုခဲ့သည်။) ပထမစနေနေ့ ငါးပတ်တိတိ တဆက်တည်း ကိုယ်တော်မြတ်ပင့်ယူ၍ တစ်ကမ္ဘာလုံး၏အပြစ်များကို ခွင့်လွှတ်ရန် ဆုတောင်းကြပါ။ ရုရှားပြည် ပြောင်းလဲလာမည်။ ငြိမ်သက်ခြင်းရှိလာမည်။ ဤသို့မပြုပါက ရုရှားပြည်၏ မှားယွင်းချက်ကို ကမ္ဘာအနှံ့ပွားစေပြီး စစ်ပွဲသစ်များ ဖြစ်ပွားမည်။ ကာတိုလိပ်အသင်းတော်၌ အနှောင့်အယှက်၊ အခက်အခဲ၊ ညှင်းပန်းနှိပ်စက်မှုများ ရှိလိမ့်မည်။ လူပေါင်းများစွာ ဘုရားသခင်အတွက် အသတ်ခံရပြီး သူတော်သူမြတ်များ ဖြစ်လာလိမ့်မည်။ ရဟန်းမင်းကြီးသည် အများဆုံး ဒုက္ခ၊ စိတ်ဆင်းရဲခြင်းတို့နှင့် ရင်ဆိုင်ရလိမ့်မည်။ အချို့နိုင်ငံများ ပျက်စီးလိမ့်မည်။ သို့သော် ငါ၏ သန့်ရှင်းစင်ကြယ်သော နှလုံးတော်အား အပ်နှံပူဇော်လိမ့်မည်။ (ဤနေရာတွင် တတိယလျှို့ဝှက်ချက်သတင်းကို ပေးခဲ့သည်။)
မယ်တော်သတိပေးခဲ့သည့်အတိုင်း အချိန်မီအရေးယူခြင်းမရှိခဲ့သောကြောင့် ၁၉၄၂ ခုနှစ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့သည်။ ၁၉၄၂ ခုနှစ်တွင်သာ ရဟန်းမင်းကြီး ပီအူး (၁၂) သည် တစ်ကမ္ဘာလုံးနှင့် ရုရှားပြည်အား မယ်တော်၏ သန့်ရှင်းစင်ကြယ်သော နှလုံးတော်အား ပူဇော်ခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ ၁၉၁၇ ခုနှစ် မယ်တော်ထင်ရှားပြခဲ့ခြင်းနှင့် ပတ်သက်၍ အသင်းတော်က စုံစမ်းစစ်ဆေးရာ၌ အချိန်များစွာ ကုန်ခဲ့သောကြောင့် ဖြစ်သည်။
၁၅-၈-၁၉၁၇။ ။ စိပ်ပုတီးကို ဆက်လက်စိပ်ကြပါ။ အောက်တိုဘာတွင် စိန်ဂျိုးဇက်နှင့် သူငယ်တော်ယေဇူးကို တွေ့ရမည်။ စိပ်ပုတီးမယ်တော်နှင့် ဝမ်းနည်းခြင်း မယ်တော်လည်းလာမည်။ အပြစ်ရှိသူများအတွက် ဒဏ်ဆပ်ဖြေကြပါ။ ၄င်းတို့အတွက် ဆုတောင်းခြင်း၊ ဒဏ်ဆပ်ဖြေခြင်း မရှိသဖြင့် များစွာသော အပြစ်ရှိသူများ ငရဲထဲရောက်ရှိကြရသည်ဟု ပြောခဲ့သည်။
၁၃-၉-၁၉၁၇။ ။ စစ်ငြိမ်းရန်အတွက် စိပ်ပုတီးကို နေ့စဉ်စိပ်ကြပါ။ (သြဂုတ်လတွင် ပြောကြားခဲ့သည်များကို ထပ်မံပြောကြားခဲ့သည်)။ အောက်တိုဘာတွင် လာရောက်ကြမည့် ကောင်းကင်နိုင်ငံမှ ပုဂ္ဂိုလ်များအပြင် ကာမာလ်မယ်တော်သခင်မကိုပါ တွေ့ရလိမ့်မည်။ သင်တို့၏ ခြိုးခြံခြင်းနှင့် ဒဏ်ဆပ်ဖြေခြင်းများကို ဘုရားသခင် နှစ်သက်ပါသည်ဟု ပြောခဲ့သည်။
၁၃-၁ဝ-၁၉၁၇။ ။ ငါသည် စိပ်ပုတီးမယ်တော်သခင်မဖြစ်သည်။ ဤနေရာတွင် ဘုရားကျောင်းတစ်ခုကို ဆောက်လုပ်လိုသည်။ စိပ်ပုတီးကို ဆက်လက်စိပ်ကြပါ။ စစ်ပွဲမကြာမီ ပြီးဆုံးလိမ့်မည်။ အချို့လျှောက်ထားချက်များကို ငါခွင့်ပြုမည်။ အချို့ကို ငြင်းပယ်ရလိမ့်မည်။ လူသားများသည် မိမိတို့အပြစ်ကို ရှောင်ရှား၍ ခွင့်လွှတ်ခြင်းကို တောင်းခံပြီး ပြုပြင်ကြရမည်။ ဘုရားသခင်ကို ဆက်လက်၍ ပြစ်မှားခြင်းမပြုလုပ်ရန် လိုအပ်သည်။ အကြောင်းမှာ ကိုယ်တော်သည် များစွာထိခိုက်ခြင်းခံနေရပြီဟု ပြောခဲ့သည်။ ဤနေရာတွင် ကလေးသုံးယောက်တို့သည် အထက်ဖော်ပြပါ ကောင်းကင်ဘုံမှ ပုဂ္ဂိုလ်များကို အစီအစဉ်အရ တွေ့မြင်ခဲ့ကြသည်။ စိန်ဂျိုးဇက်နှင့် သခင်ယေဇူးတို့လည်း လူထုပရိတ်သတ်ကို ကောင်းချီးပေးခဲ့ကြောင်း သိရသည်။ ကလေးများသည် ကောင်းကင်နိုင်ငံမှ ထူးမြတ်သော ပုဂ္ဂိုလ်များအား တွေ့မြင်နေရစဉ် လူထုပရိတ်သတ်သည် နေလုံးကြီးရောင်စုံအလင်းများဖြင့် သုံးကြိမ်လည်ပတ်ပြီး မြေကြီးပေါ်သို့ ပြုတ်ကျလာသကဲ့သို့ ထိတ်လန့်စရာဖြစ်အောင် တွေ့ရပြီး နဂိုမူလနေရာတွင် ပြန်လည် တည်ရှိခဲ့သည်။ လူပေါင်း ၇ဝဝဝဝမှ ၁ဝဝဝဝဝထိ ဤတန်ခိုးလက္ခဏာကို တွေ့မြင်ခဲ့ကြသည်။ အချို့ယနေ့အထိ အသက်ရှင်နေကြသေး၏။
မှတ်ချက်။ မေမှ အောက်တိုဘာလအထိ လစဉ် (၁၃) ရက်နေ့၌ မှန်မှန်ထင်ရှားပြခဲ့သော်လည်း ဖာတီမာမြို့ အာဏာပိုင်များသည် သြဂုတ် (၁၃) ရက်နေ့၌ လူစည်ကားစွာ စောင့်ဆိုင်းနေစဉ် ကလေးသုံးယောက်အား ထောင်ထဲ၌ ချုပ်ထား၍ စစ်ဆေးမေးမြန်းကာ ချောက်ချားစေခဲ့ပြီး၊ နောက်တစ်ရက် (၁၄) ရက်နေ့၌ ပြန်လည် လွှတ်ပေးခဲ့သောကြောင့် မယ်တော်သည် ကလေးများအား (၁၃-၈-၁၉၁၇) အစား၊ (၁၅-၈-၁၉၁၇) ၌ ထင်ရှားပြ၍ အားပေးစကားပြောခဲ့သည်။

Special Thanks To V.Htet Htet Aung who generously contributes her time for typing this entire post!
No comments:
Post a Comment