သခင်ယေဇူးပြီးရင် သံပေါလူးကအဓိက အရေးကြီးဆုံးပုဂ္ဂိုလ်ပါပဲ။
ယုံကြည်သူဖြစ်မလာခင်ကတည်းက သူ့ရဲ့လုပ်ဆောင်ချက်တွေက
ထင်ရှားလှပါတယ်။ ဦးပဉ္ဇင်းကြီးစတီးဗင်း အသတ်ခံရ ပြီးနောက်
ခရစ်ယာန်တွေကို ညှဉ်းပမ်းနှိပ်စက်ခဲ့တဲ့ သူ့ရဲ့လုပ်ရပ်ကြောင့်
ကမ္ဘာအရပ်ရပ်ကိုသွားပြီး ဧဝံဂေလိသတင်းကောင်းကို ဟောကြားဖို့
စေလွှတ်တဲ့ ခရစ်တော်ရဲ့မိန့်မှာတော်မူချက်ကို နာခံရာ ရောက်သွား
စေခဲ့ပါတယ်။ သခင်ယေဇူးနဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ရလိုက် တာဟာ သူ့ဘဝကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။ ပြင်းပြင်းထန်ထန်ကြိုးစား
တတ်တဲ့သူ့ရဲ့စိတ်ဓါတ်ဟာ ဧဝံဂေလိတရားတော်အတွက်ဖြစ်လာပါတယ်။
သံပေါလူးဟာ ဘာသာရေးမှာတစ်ယူသန်သူဖြစ်ပါတယ်။ ဒါဟာ Gamaliel
ထံမှ အယူဝါဒသင်ကြားခဲ့ရလို့လည်း ဖြစ်ပါ တယ်။ သူဟာ ဓမ္မဟောင်းကို
လေ့လာပြီး ဘာသာတရားကြည်ညိုသူတစ်ယောက်ပီပီ ခရစ်ယာန်တွေရဲ့
လှုပ်ရှားမှုဟာ ယုဒဘာ သာ (Judaism) အတွက် အန္တရာယ်ဖြစ်မယ်လို့
အခိုင်အမာယုံကြည်ခဲ့ပါတယ်။ ဒါကြောင့် သူဟာခရစ်ယာန်အယူဝါဒကို
မုန်းတီးပြီး ခရစ်ယာန်တွေကို မညှာမတာညှဉ်းပမ်းနှိပ်စက်ခဲ့တာ ဖြစ်ပါတယ်။
သံပေါလူးဟာ ဒါမစကု(Damascus)မှာရှိတဲ့ ခရစ်ယာန်တွေကိုသွားဖမ်းပြီး
ဂျေရုစလင်ကိုခေါ်လာဖို့ရာ ရဟန်းအကြီးအကဲ တွေဆီက ပါမစ်ရခဲ့ပါတယ်။
ဒါပေမယ့် သခင်ယေဇူးက လမ်းမှာသူ့ကိုတန်ခိုးပြပြီး တားဆီးခဲ့ပါတယ်။
သခင်ယေဇူးနဲ့ကိုယ်တိုင်ကိုယ်ကျ တွေ့ခွင့်ရပြီးတဲ့နောက် သူ့ဘဝဟာ
အရင်ကနဲ့မတူတော့ပါဘူး။
သံပေါလူး ပြောင်းလဲမလာခင်အချိန်ထိ ဂျူးမဟုတ်တဲ့ဘာသာပတွေဆီ
ဧဝံဂေလိတရားဟောကြားတာ အနည်းအကျဉ်းပဲ ရှိပါ သေးတယ်။
ဦးပဉ္ဇင်းကြီးဖိလစ်က ဆာမားရီးယားနယ်မှာ တရားဟောတယ်။ အီသီယို
ပီးယားလူမျိုးတစ်ဦးကို ပြောင်းလဲစေခဲ့ပါတယ်။ ကော်နဲလီယူးစ်ဆိုတဲ့
ဘာသာပတစ်ဦး သံပေတရှုးကြောင့် ယုံကြည်သူဖြစ်လာတယ်။ ဒီလိုပဲ
ဆီးရီးယားပြည် အန္တိအုတ်မြို့မှာ ဂရိလူမျိုးတချို့ ဘာသာဝင်လာကြတယ်။
ဒါကိုလေ့လာစုံစမ်းဖို့ဂျေရုစလင်ကနေ ဘာနာဘတ်စ်ကိုစေလွှတ်တဲ့အခါ
တာရှုမြို့ကိုသွားပြီး သံပေါလူးကိုရှာတယ်။ ပြီးတော့ သူတို့နှစ်ဦး
အန္တိအုတ်မြို့ကို အတူသွားပြီး အစေခံသာသနာပြုကြတယ်၊ အဲဒီကနေ
သူတို့ကို သာသနာပြု ခရီးထွက်ဖို့ရာ စေလွှတ်ခံရတယ်။ သံပေါလူး
သွားခဲ့တဲ့ သာသနာပြုခရီးသုံးခုထဲက ပထမဆုံးခရီးဟာ ရောမ
အင်ပါယာတစ်လွှားမှာ ဧဝံဂေလိတရားတော်ကိုပြန့်ပွားစေခဲ့ပါတယ်။
ဂျူးမဟုတ်တဲ့သူတွေ ခရစ်ယာန်ဖြစ်လာတဲ့အခါ ဂျူးထုံးစံတွေကို
လိုက်နာဖို့ တစ်ချို့ကတောင်းဆိုတဲ့အတွက် ဒီကိစ္စဟာ ရှေးဦး
အသင်းတော်မှာ အကြီးအကျယ်ပြဿနာဖြစ်လာပါတယ်။ ဘာသာပ
တွေကိုလည်း ဘုရားသခင်က သူ့ရဲ့သားသမီးတွေအဖြစ် လက်ခံ
တော်မူတယ်ဆိုတာ ဂျူးတွေရော၊ လူမျိုးခြားတွေပါ လက်ခံယုံကြည်
လာအောင် သံပေါလူးက ကြိုးစားပမ်းစားရှင်းပြခဲ့ပါတယ်။ သံပေါလူးနဲ့
ထိတွေ့ခွင့်ရတဲ့လူတွေရဲ့ဘဝဟာ သူကနေတစ်ဆင့် သခင်ယေဇူးကို
တွေ့မြင်ကြရတဲ့အတွက် ပြောင်းလဲလာကြပါတယ်။
သံပေါလူးရဲ့ဘဝနောက်ခံ ပညာအရည်အချင်း၊ ရောမနိုင်ငံသား
လက်မှတ်၊ သူ့ရဲ့စိတ်ဓါတ်၊ အားနည်းချက်ကအစ ဘာတစ်ခုမှ မကျန်
အောင်တစ်ဘဝလုံးကို ဘုရားသခင်က အသုံးပြုတော်မူခဲ့ပါတယ်။
အားသာချက်နှင့်စွမ်းဆောင်ချက်များ
- ခရစ်ယာန်များကိုညှင်းပမ်းနှိမ်စက်သူအဖြစ်မှ ခရစ်ယာန်တရားတော်ကို ကြေငြာဟောပြောသူအဖြစ်သို့ဘုရားသခင်မှပြောင်းလဲစေခဲ့သူ
- ရောမအင်ပါယာအတွင်း သာသနာပြုခရီး သုံးကြိမ်လှည့်လည်ပြီးခရစ်တော်ကို သက်သေခံသူ
- ဓမ္မသစ်ကျမ်းတွင်ပါဝင်သော သြဝါဒစာများကို ရေးသားခဲ့သူ
- ပင်ကိုယ်အရည်အချင်းထက်မြက်သော်လည်း ဘုရားသခင်၏
လမ်းညွှန်မှုကို နာခံလုပ်ဆောင်တတ်သူ
- ဘာသာပတို့အတွက် တမန်တော်ကြီးအဖြစ်သတ်မှတ်ခံရသူ
အားနည်းချက်နှင့်မှားယွင်းမှုများ
- ဦးပဉ္ဇင်းကြီးစတီးဗင်းကို ကျောက်ခဲနှင့်ပေါက်သတ်ကြရာမှာ
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ
- ခရစ်ယာန်များကို ညှင်းပမ်းနှိပ်စက်ပြီး ခရစ်ယာန်ဘာသာကို
ဖျက်ဆီးရန် ကြိုးပမ်းခဲ့သူ
ဘဝသင်္ခန်းစာ
- သတင်းကောင်းဆိုသည်မှာ ခွင့်လွှတ်ခြင်းနှင့်ထာဝရအသက်သည် ခရစ်တော်၌ယုံကြည်ခြင်းအားဖြင့်ရရှိသော ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်ပြီး လူသားအားလုံးရရှိနိုင်သော အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း
- နာခံတတ်သောစိတ်ထားသည် ဘုရားသခင်နှင့်ဆက်သွယ်ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာသည်
- ကိုယ့်ရဲ့လွတ်လပ်ခြင်းကို သက်သေထူဖို့ မကြိုးစားတဲ့အခါမှသာ စစ်မှန်တဲ့လွတ်လပ်မှုကို ရရှိကြောင်း
- ဘုရားသခင်က ကျွန်ုပ်တို့ရဲ့အချိန်ကို အကျိုးရှိရှိအသုံးပြုတော်မူပါတယ်။ အနာဂတ်မှာ သူ့ကိုအစေခံလာအောင် ကျွန်ုပ်တို့ရဲအတိတ်နဲ့ပစ္စုပ္ပန်ကို အသုံးချတော်မူပါတယ်။
အဓိကအချက်အလက်များ
- အရပ်ဒေသ - တာရှုမြို့တွင်မွေးဖွားပြီး ခရစ်တော်အတွက် ကမ္ဘာအနှံ့သွားလာခဲ့သူ
- အလုပ်အကိုင် - ကျမ်းတတ်ဆရာ၊ ယာယီတဲချုပ်လုပ်ရောင်းချသူ၊ သာသနာပြုအဖြစ် အစေခံသူ
- ခေတ်ပြိုင်များ - ဂါမာလီယဲ၊ စတီးဗင်း၊ တပည့်တော်ကြီးများ၊ လူကား၊ြာနာဘတ်စ်၊ တီမောသီ
အဓိကကျမ်းပိုဒ်
အသက်ရှင်ခြင်းဟူသည်မှာ အဘယ်နည်း၊ ငါ၏အဖို့မှာ အသက်ရှင်ခြင်းသည် ခရစ်တော်ပင်ဖြစ်၏။ သေလျှင်မူကား သာ၍ အကျိုးရှိ၏။ သို့ရာတွင် အကယ်၍ ငါသည်ဆက်လက်အသက်ရှင်ခြင်းအားဖြင့် ပိုမိုအကျိုးပြုနိုင်မည်ဆိုပါလျှင် အသက်ရှင်ခြင်းနှင့် သေ ခြင်းတို့အနက် မည်သည်ကိုရွေးချယ်ရပါမည်နည်း။ ငါ့တွင်စိတ်နှစ်ခွဖြစ်လျှင် ဤသို့ပြုခြင်းသည် ငါ့အတွက်အကျိုးရှိနိုင်ပေမည်။ သို့သော် လည်း သင်တို့၏အကျိုးကို ထောက်မျှော်၍ ငါသည်ဤလောကတွင် အသက်ရှင်နေထိုင်ခြင်းကားပို၍ပင် အကျိုးရှိနိုင်မည်ဖြစ်၏
(ဖိလိပိသြဝါဒစာ ၁း၂၁-၂၄)
- သံပေါလူး၏ ဘဝဖြစ်စဉ်ကို တမန်တော်ဝတ္ထု ၇း၅၈ -၂၈း၃၁ နှင့်သူ၏သြဝါဒစာများတွင် တွေ့ရှိနိုင်ပါသည်။
(Credit to Rev. Fr. Peter Sein Hlaing Oo, Mandalay Archdiocese)
No comments:
Post a Comment