လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

ခရူစူးအမှတ်အသားပြုလုပ်ရခြင်းရဲ့အဓိပ္ပါယ်



 မေး - ခရူစူးအမှတ်အသားပြုလုပ်ရခြင်းရဲ့အဓိပ္ပါယ်နဲ့ဘယ်အချိန်ကစပြီး
စတင်အသုံးပြုခဲ့တယ်ဆိုတာသိချင်ပါတယ်။

ကက်သလစ်ဘာသာဝင်များပြုလုပ်တဲ့ခရူစူးအမှတ်အသားဟာခရစ်တော်
ဘုရားရှင်လက်ဝါးကပ်တိုင်ပေါ်မှာ တင်သတ်ခြင်းခံရပြီးသေခြင်းမှတဖန်
ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ယုတ်ညံ့သောလက်ဝါးကပ်တိုင်သည်
ခရစ်တော်ဘုရားရှင်ရဲ့အောင်လံတော်ဖြစ်လာပါတယ်။ အဲဒီခရစ်တော်
ဘုရားရှင်ရဲ့အောင်လံတော်ခရူစူးလက်ဝါးကပ်တိုင်တော်ဟာခရစ်ယာန်များရဲ့ ကယ်တင်ခြင်းသရဖူဖြစ်လာပါတယ်။အဲဒီခရူစူးအမှတ်အသားပြုခြင်းသင်္ကေတ
ကို ဘယ်သူကစတင်ပြုလုပ်ခဲ့တယ်ဆိုတာကိုတော့အတိအကျမသိခဲ့ရပေမယ့်
ရှေးကနဦးအစ ဒုတိယရာစုနှစ်ကတည်းကပင် ခရစ်ယာန်တို့သည်မိမိတို့နဖူး
ပေါ်တွင်လက်မဖြင့် ခရူစူးမှတ်သားခြင်းကို သမိုင်းအထောက်အထားများအရ
သာသာရေးသက်သေခံချက်ထုံးတမ်းစဉ်လာတစ်ခုအဖြစ်ဖြင့် လက်ခံခဲ့ကြ 
ကြောင်းသိနိုင်ပါတယ်။
ခရစ်သက္ကရာဇ် အေဒီ(၁၉၆)ခုနှစ်က သီတင်းသုံးတော်မူခဲ့တဲ့ Tertullion 
ဆိုတဲ့ပုဂ္ဂိုလ်သည် ခရစ်ယာန်ဘာသာ၌ ပထမဆုံး လက်တင်ဘာသာဖြင့် 
စာပေများကိုရေးသားခဲ့တဲ့ အာဖရိကနွယ်ဖွားကာသေ့ခ်ျမြို့သား သာသနာ
တော်ကြီးရဲ့ ရှေးကနဦး ဖခင်ကြီးဖြစ်ပါတယ်။ အဲဒီအချိန်အခါတုန်းက 
ခရစ်ယာန်လောကမှာ ဂရိဘာသာစာနဲ့စကားကိုပဲအသုံးပြုခဲ့ပါတယ်။ 
လက်တင်ဘာသာစာနဲ့စကားကိုအသုံးမပြုခဲ့သေးပါ။တာတူလီးယာန်းဆိုတဲ့ ဓမ္မသုခမိန်ကြီးရဲ့လက်တင်ဘာသာစကားနဲ့ရေးသားခဲ့တဲ့အရေးအသားများ
ထဲမှ ကောက်နှုတ်ချက်တစ်ခုကတော့ 'ကျွန်ုပ်တို့သည် အဘယ်အရပ်သို့
သွားသည်ဖြစ်စေ၊ အဘယ်အရပ်မှပြန်လာသည်ဖြစ်စေ၊ အဝတ်အစား 
ဆင်ယင်သည့်အခါပင်ဖြစ်စေ၊ ခြေနဲ့တောင်ဝှေးကိုဆင်ယင်သည့်အခါပင်
ဖြစ်စေ၊ စားသောက်သည့်အခါ၌ပင်ဖြစ်စေ၊ အိပ်ယာဝင်ခါနီးအချိန်ပင်ဖြစ်စေ၊ ခရူစူးလက်ဝါးကပ်တိုင်အမှတ်အသားကိုပြုလုပ်ကြ၏' 
ခရစ်သက္ကရာဇ်(၃၇၃)ခုနှစ်တွင်သီတင်းသုံးတော်မူခဲ့တဲ့ရဟန္တာသူတော်မြတ် 
အေဖရိမ် Ephren အရှင်မြတ်က ဆီးရီးယားလူမျိုးထဲမှတစ်ဦးတည်းသော ကျမ်းတတ်ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်။ သူတော်မြတ်ရဲ့ရေးသားချက်တစ်ခု
ကတော့ 'ချစ်သား သင်၏လုပ်ငန်းဆောင်တာအားလုံး၌ အသက်ပေးသော
ခရူစူးအမှတ်အသားဖြင့် ပြီးမြောက်စေရမည်။ သူ၏စားခြင်း၊ သောက်ခြင်း၊ 
သွားလာခြင်း၊ သူ၏အိမ်၌နေခြင်းနှင့်အိပ်ခါနီးအချိန်တို့၌ ဤခရူစူးအမှတ်
အသားပြုလုပ်ခြင်းထက် ပိုမိုကောင်းမွန်သောအပြုအမူသည်မရှိတော့ပေ။ ထိုခရူစူးအမှတ်အသားပြုခြင်းသည် သင်၏လုပ်ငန်းဆောင်တာအားလုံး 
တို့အတွက် လုံခြုံမှုပေးခြင်းဖြစ်သည်။ ထိုအပြုအမူကို သင်၏သားသမီး
တို့အား သင်ကြားပေးကြလော့။'
အမိသာသနာတော်ကြီးရဲ့ကနဦး ဒီကျမ်းတတ်များရဲ့ရေးသားချက်များကို
ထောက်ရှုခြင်းအားဖြင့် ခရူစူးအမှတ်အသားပြုလုပ်ခြင်းသည် ဘယ်သူ 
ဘယ်ဝါကစတင်ခဲ့တယ်ဆိုတဲ့အချက်ကိုတော့ရေရေရာရာမသိခဲ့ပေမယ့် 
အမိသာသနာတော်ကြီးထဲမှာ ရှေးဦး၏အစကပင် စတင်ခဲ့တယ်ဆိုတာ
ကိုတော့သိနိုင်ပါတယ်။
စတုတ္ထရာစုနှစ်ပိုင်းတွင်မူ ဝတ်ပြုကိုးကွယ်ခြင်းအခမ်းအနားများ၌ 
စတင်မှတ်သားပြုလုပ်လာခဲ့ကြပါတယ်။ အချို့က နဖူးနဲ့မျက်လုံးများ
အပေါ်မှာခရူစူးမှတ်သားကြပြီး အချို့တို့ကနှုတ်ခမ်းများပေါ်၌လည်း 
ခရူစူးမှတ်သားခဲ့ကြောင်း အဌမရာစုနှစ်ပိုင်းများတွင် သက်သေ 
သာဓကများရှိခဲ့ပါတယ်။
နဖူး၊ ရင်ဘတ်နဲ့ပုခုံးများပေါ်မှာမှတ်သားခြင်းဟာ ပဉ္စမရာစုနှစ်က
ထုံးတမ်းစဉ်လာတစ်ခုအဖြစ်ပေါ်ပေါက်လာခဲ့ပေမယ့် ရသေ့ကျောင်း
တိုက်များတွင်ဆယ်ရာစုကျမှ တရားဝင်လက်ခံပြီး ခရူးစူးမှတ်သား
လာကြခြင်းဖြစ်တယ်။ ဆယ့်သုံးရာစုမှာတော့ ပုပ်ရဟန်းမင်းကြီး 
တတိယမြောက် အင်နိုဆင့် (Innocent III) အရှင်သူမြတ်ရဲ့ညွှန်
ကြားချက်မှာ လက်ညှိုးသုံးချောင်းဖြင့် နဖူးမှအစချီကာ ဒုတိယ 
ရင်ဘတ်မှာတို့ပြီး အဲဒီနောက်ညာလက်ပုခုံးမှ ဘယ်လက်ပုခုံးသို့
တို့ထိမှတ်သားရန် သွန်သင်တော်မူခဲ့ပေမယ့် တစ်ဖြည်းဖြည်း 
ဘယ်လက်ပုခုံးမှ ညာလက်ပုခုံးသို့အဆုံးသတ်တဲ့အလေ့အထသို့
ပြောင်းသွားခဲ့ပါတယ်။
ခရူစူးမှတ်သားရာ၌ရွတ်ဆိုရသော ဆုတောင်းမေတ္တာမှာ - 
'ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်မြတ်၌၊ အာမင်။' 
ဟု ရှေးကတည်းကရွတ်ဆိုခဲ့ကြပေမယ့် သြသိုဒေါက်အသင်းများမှာ
တော့ 'သန့်ရှင်းတော်မူသောဘုရား၊ တန်ခိုးကြီးတော်မူသောဘုရား၊ 
မသေနိုင်သောဘုရား၊ ကျွန်ုပ်တို့ကိုသနားတော်မူပါ' ဟုရွတ်ဆိုခဲ့ကြ
ပါတယ်။ ဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနားများ၌ ခရူစူးမှတ်သားခြင်း
သည် အနက်အဓိပ္ပါယ်အမျိုးမျိုးကို ပေါ်လွင်စေပါတယ်။ ဆေးကြောခြင်း
ခံ၍ ဘာသာဝင်လာသူတစ်ဦးပေါ်မှာ ခရူစူးအမှတ်သားတားပေးခြင်း
အားဖြင့် ဒီလူဟာခရစ်တော်ဘုရားရှင်ရဲ့ပိုင်ဆိုင်ခြင်းခံရကြောင်း အမှတ်
တံဆိပ်ခံနှိပ်ခံရတဲ့ သဘောကိုဆောင်ပါတယ်။ မကောင်းဆိုးဝါးနတ်ဆိုး
များကိုနိုင်နင်းတော်မူတဲ့ ခရစ်တော်ဘုရားရှင်ရဲ့ဘုန်းအာနုဘော်တော်ကို
လည်းအသိအမှတ်ပြုခြင်းဖြစ်ပါတယ်။
ခရူစူးမှတ်သားခြင်းသည် အတောမသတ်နိုင်အောင်များပြားတဲ့ဘုရား
သခင်ရဲ့ကျေးဇူးများစီးဆင်းရာအမှတ်အသားဖြစ်နေတဲ့အတွက် လူတစ်
ဦးဦးကို အရာဝတ္ထုတစ်ခုခုကိုကောင်းချီးပေးခြင်း၊ ဘုရားရှင်တော်မြတ်ရဲ့
လက်တော်ထဲ ပူဇော်အပ်နှံလိုက်ခြင်းအနက်အဓိပ္ပါယ်ကိုပေါ်လွင်စေပါ
တယ်။ ခရစ်တော်မပေါ်မီက ကျွန်များကိုသခင်တစ်ယောက်ယောက်ပိုင်
ထားကြောင်း၊ ပိုင်ရှင်ရှိကြောင်းပြဖို့အတွက် နဖူးပေါ်မှာအလွယ်တကူမ
ပျောက်နိုင်တဲ့အမှတ်အသားဖြင့်မှတ်သားခြင်းခံခဲ့ကြပါတယ်။ ထိုခေတ်က
ဘာသာရေး အယုံအကြည်များ၌လည်း မိမိတို့ယုံကြည်ရာဘုရားများရဲ့
အမှတ်များဖြင့်မှတ်သားခဲ့ကြပါတယ်။ ခရစ်ယာန်များကလည်း မိမိတို့
ယုံကြည်ရာနဲ့သက်သေခံရာ အောင်လံတော်အမှတ်အသားအဖြစ် 
ခရူစူးအမှတ်အသားကို စတင်ပြုခဲ့ကြပါတယ်။
ခရူစူးမှတ်သားခြင်းကိုအသုံးပြုရခြင်းအကြောင်းကား အလွန်သန့်ရှင်း
စင်ကြယ်၍မြင့်မြတ်တော်မူလှသော ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရား ကို
အောက်မေ့သတိရရန်နဲ့ ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားအနက် ဒုတိယ
ပုဂ္ဂိုလ်သားတော်ဘုရားသည် ခရူစူးလက်ဝါးကပ်တိုင်ပေါ်မှာအသက်
တော်စွန့်တော်မူကြောင်းကို သတိရရန်အတွက်ဖြစ်ပါတယ်။ ခရူစူး
အမှတ်အသားကိုပြုတဲ့အခါမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းေ
သာ ဝိညာဉ်တော်၏နာမတော်မြတ်၌ ဆိုသောစကားဖြင့် ပုဂ္ဂိုလ်သုံးပါး
တစ်ဆူဘုရားကို အောက်မေ့သတိရကြပါတယ်။
ခရူစူးမှတ်သားခြင်းပြုရာမှာ ကျွန်ုပ်တို့ကိုယ်ပေါ်တွင်လက်ဝါးကပ်တိုင်
ပုံသဏ္ဍာန်အတိုင်းပြုခြင်းဖြင့် ခရစ်တော်ဘုရားရှင်သည် ကျွန်ုပ်တို့အ
တွက်လက်ဝါးကပ်တိုင်အပေါ်၌ အသက်တော်စွန့်တော်မူကြောင်းကို
သတိရစေပါတယ်။ ဘုရားရှင်ရဲ့ကောင်းချီးမင်္ဂလာတော်ကိုခံစားရရှိရန်
အတွက်နဲ့ ဝိညာဉ်ရောခန္ဓာကိုယ်ပါ ဘေးဥပါဒ်အန္တရာယ်ခပ်သိမ်းမှ 
ကာကွယ်စောင့်ရှောက်မှုရရှိရန်အတွက် ခရူစူးမှတ်သားခြင်းကိုပြုကြဖို့
လိုအပ်ပါတယ်။ 
(ဂလာတိသြဝါဒစာ ၆း၁၄) 
'ငါဖြစ်လျှင် ငါတို့သခင်ယေဇူးခရစ်တော်၏လက်ဝါးကပ်တိုင်တော်မှတစ်ပါး 
အဘယ်အရာ၌မှ ဝါကြွားခြင်းမရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည်ငါ့အဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ငါသည်လည်း 
ဤလောကအဖို့ရိုက်ထားခြင်းကို ခံလျက်ရှိ၏။'


(Mandalay Archdiocese မှ Rev. Fr. Dominic Jo Du
 ဖြေကြားပြုစုရေးသားထားသော ဘာသာရေးအမေးအဖြေ စာအုပ်မှ 
ကူးယူဖော်ပြခြင်းဖြစ်ပါသဖြင့် ယုံကြည်စိတ်ချစွာဖြင့် 
ဖတ်ရှု လက်ခံနိုင်ပါကြောင်း)
 

No comments: