မေးခွန်း
(၈) ခရစ်ယာန်များလက်ဝယ် ယနေ့တိုင် ကိုင်ဆောင်ဖတ်ရှုနေတဲ့ သမ္မာကျမ်းစာအုပ်သမိုင်းအကြောင်း အဆင့်ဆင့်ကို ဓမ္မဗဟုသုတအဖြစ် ရှင်းပြပေးစေလိုပါတယ်။
ဖြေ ။ ။
ခရစ်ယာန်များလက်ဝယ် ယနေ့ကိုင်ဆောင်ဖတ်ရှုနေတဲ့ သမ္မာကျမ်းစာအုပ်သည် ဘုရားသခင်ရဲ့နှုတ်ကပါတ်တော်၊
ဘုရားရှင်ရဲ့ဗျာဒိတ်တော်၊ စာသားနဲ့ရေးသားထားတဲ့ ဘုရားရှင်တော်မြတ်ရဲ့နှုတ်တော်မှထွက်ပေါ်လာတဲ့စကားတော်ပဲဖြစ်ပါတယ်။
ဘုရားသခင်ရဲ့ဗျာဒိတ်တော်ဆိုတာဘာလဲ၊ ဘုရားသခင်ရဲ့ဗျာဒိတ်တော်ဆိုတာ ပထမဦးဆုံးလူသားအာဒံမှစ၍
သခင်ယေဇူးခရစ်တော်၏ တမန်တော်ကြီးများဖြစ်ကြတဲ့ တစ်ကျိပ်နှစ်ပါးသောတပည့်ကြီး သံဃာတော်တို့အနက်
နောက်ဆုံးသော တပည့်သာဝကကြီးဖြစ်တဲ့ တမန်တော်ရှင်ယောဟန် ပျံလွန်တော်မူသည့်နေ့တိုင်အောင်
လူသတ္တဝါခပ်သိမ်းတို့အား ထာဝရအရှင်ဘုရားသခင်ကိုယ်တော်တိုင် ပွင့်ပွင့်လင်းလင်းဖွင့်ဟမိန့်ကြား၊
မိန့်မြွတ်ထုတ်ဖော်တော်မူခဲ့သော တရားတော်ကိုခေါ်တယ်။ ဘုရားသခင်ရဲ့ဗျာဒိတ်တော်ဟာ
လူတိုင်းဆီသို့ နည်းလမ်း (၂) မျိုးဖြင့် ရောက်လာပါတယ်။
ပထမနည်းကတော့ ဘုရားသခင်၏အလင်းကျေးဇူးတော်ညွှန်ပြခြင်းအရ
ရေးသားထားသော သမ္မာကျမ်းစာတော်မြတ်အားဖြင့်၊
ဒုတိယနည်းကတော့ တမန်တော်အရှင်သူမြတ်များ လက်ထက်မှစ၍
အမိကက်သလစ်အသင်းတော်ကြီးမှ အစဉ်အဆက် သင်ကြားခဲ့သော တရားတော်အားဖြင့် လူတိုင်းဆီကိုရောက်လာပါတယ်။
ခရစ်ယာန်များလက်ဝယ်ရောက်ရှိနေတဲ့ သမ္မာကျမ်းစာအုပ်သည် အမိကက်သလစ်အသင်းတော်ကြီးရဲ့အစဉ်အဆက်နှုတ်တိုက်သင်ကြားခဲ့သော
တရားတော်အားဖြင့် ဘုရားသခင်ရဲ့ဗျာဒိတ်တော်များကို ရေးထားတဲ့သမ္မာကျမ်းစာအုပ်ဖြစ်ကြောင်း
သင်ကြားပေးခဲ့လို့ ဘုရားသခင်ရဲ့နှုတ်ကပါတ်တော် သမ္မာကျမ်းစာအဖြစ်ခရစ်ယာန်များက ယုံကြည်လက်ခံနေခြင်းဖြစ်တယ်။
သမ္မာကျမ်းစာဆိုတာဘာလဲ။
သမ္မာကျမ်းစာဆိုတာ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ အလင်းကျေးဇူးတော်အားဖြင့် ညွှန်ပြ၊ နှိုးဆော်တော်မူသမျှကို ပေထက်အက္ခရာတင်၍ ရေးသားထားသော ဘုရားသခင်၏နှုတ်ကပါတ်တော်ကို သမ္မာကျမ်းစာလို့ခေါ်တယ်။ သမ္မာကျမ်းစာကိုပြုစုသူအဓိကပုဂ္ဂိုလ်မှာ ဘုရားသခင်ပင်ဖြစ်တော်မူတယ်။ ၄င်းကျမ်းစာများကိုရေးတဲ့ပုဂ္ဂိုလ်ဟာ လွတ်လပ်ခြင်းနဲ့ ကျိုးကြောင်းဆင်ခြင်တုံဥာဏ်ကို လွတ်လပ်စွာအသုံးပြုနိုင်တဲ့ ဘုရားသခင်ရဲ့အသုံးတော်ခံများသာ ဖြစ်ကြတယ်။ သမ္မာကျမ်းစာများဟာ စိတ်ချယုံကြည်ရတဲ့ သမိုင်းဝင်မှတ်တမ်း ရေးထားချက်များလည်းဖြစ်ပါတယ်။
သမ္မာကျမ်းစာအုပ်ထဲမှာပါဝင်နေတဲ့ သမ္မာကျမ်းစာစောင်များကို
မြန်မာတို့ ပေပုရပိုက်၊ ကြည်းပုရပိုက်၊ ရွှေပုရပိုက်စဖြင့် ပေရွက်များ၊ ရွှေပြား၊ ငွေပြား၊
ကြေးပြားများအပေါ်တွင် ရေးသားခဲ့ကြသလို သမ္မာကျမ်းစာများကိုတော့ သားရေပြားများအပေါ်တွင်
ရေးသားပြီးလိပ်ထားတဲ့အတွက် ကျမ်းစာလိပ်များလို့ ခေါ်တွင်ခဲ့ပါတယ်။ ယခုမျက်မှောက်ခေတ်စာအုပ်များကဲ့သို့မရှိခဲ့သေးပါ။
ယခုလက်ရှိခရစ်ယာန်တို့ရဲ့သမ္မာကျမ်းစာအုပ်ထဲမှာပါရှိနေတဲ့ ပထမဦးဆုံးရေးသားခဲ့တဲ့ ကမ္ဘာဦးကျမ်းနဲ့သမ္မာကျမ်းစာအုပ်ရဲ့
နောက်ဆုံးမှာပါရှိနေတဲ့ နောက်ဆုံးရေးသားခဲ့တဲ့ဗျာဒိတ်ကျမ်းတို့ဟာ နှစ်ပေါင်း(၁၅ဝဝ)လောက်ကွာခြားခဲ့ပါတယ်။
နှစ်ပေါင်းများစွာ အတွင်းရေးသားခဲ့တဲ့ ကျမ်းစာလိပ်များကိုစုပေါင်းပြီး စာအုပ်တစ်အုပ်အဖြစ် စုစည်းချုပ်လုပ်ထားတဲ့အတွက်
စာကြည့်တိုက်ကလေး ဟုခေါ်တယ်။ Bible ဆိုတဲ့ဝေါဟာရရဲ့အနက်ကတော့ စာအုပ်များလို့အဓိပ္ပါယ်ရပါတယ်။
အသင်းတော်ရဲ့ရှေးဦးအစပိုင်းမှာ ကျမ်းမှန်များရေးသားခဲ့ကြသလို ချဲ့ထွင်၊ မြှောက်ပင့်ရေးထားခြင်းများ၊
ဖတ်ကောင်းအောင်ရေးသားချက်များ၊ ကျမ်းမျိုးစုံပေါ်ထွက်လာခဲ့ပါ တယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့လမ်းညွှန်လှုံ့ဆော်မှု၊
အလင်းကျေးဇူးတော်အားဖြင့် အမိအသင်းတော်ကြီးက သံဃာယနာတင်အစည်းအဝေးပွဲများ အကြိမ်ကြိမ်ပြုလုပ်ကာ
မိမိရဲ့ဘာသာဝင် သားသမီးခရစ်ယာန်များအတွက် မိမိရဲ့နှုတ်တိုက်သင်ကြားလာခဲ့တဲ့ ဗျာဒိတ်တော်အားဖြင့်
ကျမ်းတု၊ ကျမ်းမှားအများအပြားထဲမှ ကျမ်းမှန်များကိုရွေးထုတ်စုစည်းကာ ပေးအပ်တော်မူခဲ့ပါတယ်။
အစောပိုင်းကာလများမှာ ခရစ်ယာန်များဟာ ညှဉ်းပန်းနှိပ်စက်၊
ညှဉ်းဆဲသတ်ဖြတ်ခြင်းခံနေရချိန်ဖြစ်နေလို့ မူရင်းကျမ်းစာလိပ်များကိုစုစည်းဖို့ အခက်အခဲနဲ့ကြုံခဲ့ရပါတယ်။
ခရစ်သက္ကရာဇ် အေဒီ(၃၁၃)ခုနှစ်ရောက်မှ ကွန်စတန်တင်ဘုရင်လက်ထက် ရောမအင်ပါယာတစ်ခုလုံး ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်ခွင့်ရချိန်ရောက်မှ
သာသနာတော်ရဲ့အရေးကြီးတဲ့လုပ်ငန်းများကို စတင် ဆောင်ရွက်လာနိုင်ပါတော့တယ်။
သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့သမိုင်းကို ဆက်လက်ဖော်ပြရမယ်ဆိုရင်
ခရစ်သက္ကရာဇ် အေဒီ(၃၉၃)ခုနှစ်မှာ အာဖရိကတိုက် ဟစ်ပို(Hippo) မြို့မှာ ပထမဦးဆုံး သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့
သံဃာယနာတင်အစည်းအဝေးပွဲကို ပြုလုပ်ခဲ့ပြီး အစည်းအဝေးပွဲအတွင်း သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့
အလင်းကျေးဇူးတော်အားဖြင့် ရေးသားထားတဲ့ကျမ်းစာလိပ်များကို ကျမ်းအတုများထဲမှ စီစစ်ရွေးထုတ်နိုင်ခဲ့ပြီး တရားဝင်ကျမ်းများအဖြစ် ခွဲခြားသတ်မှတ်ပေးနိုင်တော်မူခဲ့ပါတယ်။ အမိကက်သလစ် သာသနာတော်ကြီးအနေဖြင့်
တစ်ကမ္ဘာ လုံးသုံးနေတဲ့ လက်ရှိကျမ်းစာအုပ်အဖြစ်သို့ ခွဲခြားသတ်မှတ်ပေးနိုင်တော်မူခဲ့ပါတယ်။
ခရစ်သက္ကရာဇ် အေဒီ(၃၉၃)ခုနှစ်မှာပဲ သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့
ဒုတိယအကြိမ်မြောက် သံဃာယနာတင်အစည်းအဝေးပွဲကြီးကို အာဖရိကတိုက်မြောက်ပိုင်း ကာသေ့ခ်ျ
(Carthage) မြို့မှာ ပြုလုပ်တော်မူခဲ့ပြန်ပါတယ်။ အဲဒီဒုတိယမြောက် သံဃာယနာတင် အစည်းအဝေးပွဲကြီးအထဲမှာပဲ
ပထမမြောက်သံဃာယနာတင် အစည်းအဝေးပွဲက ရွေးထုတ်ခဲ့သော ကျမ်းစာနဲ့ပတ်သက်နေတဲ့ အချက်အလက်များအားလုံးကို
ပြန်လည်စစ်ဆေးခဲ့ပြီး မှန်ကန်ကြောင်း တရားဝင်ကျမ်းအစစ်များဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့ပါတယ်။
ခရစ်သက္ကရာဇ် အေဒီ(၄ဝ၅)ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးပထမမြောက် အင်နိုဆင့် (Pope Innocent I) အရှင်သူမြတ်မှ ထပ်မံစစ်ဆေးပြီး အတည်ပြုခဲ့ပြန်ပါတယ်။ ခရစ်သက္ကရာဇ် အေဒီ(၄၁၉)ခုနှစ်တွင်
ပုပ်ရဟန်းမင်းကြီး ပထမမြောက်ဗော့နိုဖေ့စ်(Pope Boniface I) အရှင်သူမြတ်ကလည်း ထပ်မံစစ်ဆေးပြီး
တရားဝင် သမ္မာကျမ်းစာအစစ်ဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့ပြန်ပါတယ်။ အဲ့ဒီအချိန်ထိ သမ္မာကျမ်းစာတော်မြတ်ကို
အခန်းကြီး၊ အခန်းငယ်မခွဲခြားရသေးတာကြောင့် သမ္မာကျမ်းစာတော်မြတ်ကို လေ့လာဖတ်ရှုဖို့ အခက်အခဲတွေ့ကြုံခဲ့ရပါတယ်။
အမိအသင်းတော်ကြီးရဲ့ သံဃာယနာတင်အစည်းဝေးပွဲများနဲ့
စစ်ဆေးရွေးချယ် စုစည်းပေးလိုက်တဲ့ သမ္မာကျမ်းစာအုပ်ကို ခရစ်သက္ကရာဇ် (၁၂၁၄)ခုနှစ်က အင်္ဂလိပ်ရသေ့ ရဟန်းတစ်ပါးဖြစ်တဲ့
စတီးဗင်းလဲန်တွန်း (Stephen Langton) အရှင်သူမြတ်မှ ဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းများကို
အခန်းကြီးခွဲပေးခဲ့ပါတယ်။ အရှင်မြတ်ဟာ ပဲရစ်မြို့တက္ကသိုလ်မှာ ပါမောက္ခဖြစ်ခဲ့ပြီးနောက်
ကန်တာဘာရီ ဂိုဏ်းချုပ်ဆရာတော်အဖြစ် ရွေးကောက်တင်မြောက်ခြင်း ခံခဲ့ရပါတယ်။ နောက်ဆုံး
ရဟန်းအမတ်ကာဒီနယ် (Cardinal) အဖြစ်ရွေးကောက် တင်မြောက်ခြင်းခံခဲ့ရပါတယ်။
ခရစ်သက္ကရာဇ် (၁၅၂၈)ခုနှစ်မှာ အီတလီလူမျိုး၊
ဒိုမီနီကန်ရဟန်းတစ်ပါးဖြစ်တဲ့ ဆန်တေပါညီးနို (Sante Pagnino) အရှင်သူမြတ်က ဓမ္မဟောင်းကျမ်းတစ်ခုလုံးကို
အခန်းငယ်များ ခွဲပေးခဲ့ပါတယ်။
ခရစ်သက္ကရာဇ် (၁၅၅၁) ခုနှစ်မှာတော့ ပြင်သင်လူမျိုး ရောဘတ်စတီအန်နေ (Robert Stienne) ဆိုသူက ဓမ္မသစ်ကျမ်းတစ်ခုလုံးကို အခန်းငယ်များ ခွဲခြားသတ်မှတ်ပေးခဲ့ပါတယ်။
ဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းနှစ်စောင်စလုံးကို
အခန်းကြီး၊ အခန်းငယ်များ ခွဲခြားပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာ သမ္မာကျမ်းစာကို လေ့လာရန်
အရမ်းလွယ်ကူလာပါတော့တယ်။
ခရစ်ယာန်များရဲ့သမ္မာကျမ်းစာအုပ်ထဲမှာ ခရစ်တော်ဘုရားရှင် လူ့ဇာတိအဖြစ်ကိုမခံယူခင်
ခရစ်တော်ဘုရားရှင်သည် မည်သို့ မည်ပုံကြွလာတော်မူမည် စသည်ဖြင့် ခရစ်တော်ဘုရားရှင်အကြောင်း ကြိုတင်မြွက်ဟ ဖော်ပြတော်မူခဲ့တဲ့
ဘုရားသခင်ရဲ့ဗျာဒိတ်တော်ကို ဓမ္မဟောင်းကျမ်းများဟုခေါ်ပါတယ်။ ဓမ္မဟောင်းကျမ်း(၄၆)စောင်ရှိပါတယ်။
ခရစ်တော်ဘုရားရှင် လူ့ဇာတိအဖြစ်ကို ခံယူတော်မူပြီးနောက်
ခရစ်တော်ရဲ့သက်တော်စဉ် လူတွေကိုကယ်တင်တဲ့ ခရစ်တော်ရဲ့ ကယ်တင်ခြင်းသမိုင်း ခရစ်တော်ရဲ့ တရားဒေသနာတော်များ၊
တမန်တော်များရဲ့ ဆုံးမသြဝါဒတရားတော်များဟူ၍ ဓမ္မသစ်ကျမ်း(၂၇)စောင်ဟူ၍ ပါရှိနေပါတယ်။ ဓမ္မဟောင်းကျမ်း (၄၆)
စောင်နဲ့ ဓမ္မသစ်ကျမ်း(၂၇)စောင်တို့ ပေါင်းစပ်ထားတဲ့ကျမ်း (၇၃) ကျမ်း ပေါင်းချုပ်ကို ခရစ်ယာန်များရဲ့သမ္မာကျမ်းစာအုပ်လို့ ခေါ်ပါတယ်။
သမ္မာကျမ်းစာအုပ်ထဲမှာ ပါဝင်နေတဲ့ ဒီကျမ်း(၇၃)ကျမ်းဟာ၊ နှစ်ပေါင်း(၁၅ဝဝ)အတွင်း တစ်ခေတ်ပြီးတစ်ခေတ်
ဘုရားသခင်ရဲ့ဗျာဒိတ်တော်များကို ရေးမှတ်ထုတ်ထားတဲ့ ကျမ်းစာအုပ်များဖြစ်ပါတယ်။
အဲဒီကျမ်းများကို သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ နှိုးဆော်မှုအောက်၌
ပေထက်အက္ခရာတင် ရေးသားခဲ့တဲ့ ကျမ်းရေးပုဂ္ဂိုလ်များကတော့ လူတန်းစားအလွှာအသီးသီးမှ ပုဂ္ဂိုလ်များဖြစ်နေပါတယ်။
ဥပမာပေးဖော်ပြရမယ်ဆိုရင် အီဂျစ်ဘုရင်ရဲ့တပ်သားတစ်ဦး အီဂျစ်ဘုရင်ရဲ့ နန်းတွင်းပညာရေးကို
သင်ယူတတ်မြောက်လာခဲ့တဲ့ ကျမ်းရေးပုဂ္ဂိုလ်ကတော့ မိုးဇယ်ဖြစ်ပါတယ်။ သိုးကျောင်းသားဘဝမှ
ကြီးပြင်းလာခဲ့ရတဲ့ ကျမ်းရေးပုဂ္ဂိုလ်ကတော့
ဒါဝိဒ်မင်းကြီးဖြစ်ပါတယ်။ ပညာရှိသုခမိန် ကျမ်းရေးပုဂ္ဂိုလ်ကတော့ ပရောဖက် ဟေရှာယပဲဖြစ်ပါတယ်။
ယုဒရဟန်းအကြီးအကဲဖြစ်တဲ့ ကျမ်းရေးပုဂ္ဂိုလ်ကတော့ ပရောဖက်ယေဇကျေလပဲ ဖြစ်ပါတယ်။ နွားကျောင်းသားဘဝမှ
ကျမ်းရေးပုဂ္ဂိုလ်တစ်ပါးကတော့ ပရောဖက်အာမုတ်ဖြစ်ပါတယ်။ ဆေးသမားတော်ဘဝမှ ကျမ်းရေးပုဂ္ဂိုလ်ကတော့
ရှင်လုကားဖြစ်ပါတယ်။ အများတကာရွံမုန်းခြင်းခံရတဲ့ အခွန်ခံဘဝမှ တမန်တော်ဘဝအဖြစ် ရွေးကောက်ခြင်းခံခဲ့ရတဲ့
ကျမ်းရေးပုဂ္ဂိုလ်ကတော့ ရှင်မဿဲလို့ခေါ်တဲ့ ရှင်မာတေဦးပဲဖြစ်ပါတယ်။ တံငါသည်ဘဝမှ တမန်တော်အကြီးဥက္ကဌအဖြစ် ရွေးကောက်ခြင်းခံခဲ့ရတဲ့
ကျမ်းရေးပုဂ္ဂိုလ်ကတော့ တမန်တော်ရှင်ပေတရူးပဲဖြစ်ပါတယ်။ ဖာရီရှဲလည်းဖြစ်၊ ပညာလည်းရှိတဲ့
ခရစ်ယာန်တွေကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် လိုက်လံသတ်ဖြတ်ခဲ့ပြီး ဘုရားတန်ခိုးတော်နဲ့ ခရစ်ယာန်ဖြစ်လာခဲ့တဲ့ ကျမ်းရေးပုဂ္ဂိုလ်ကတော့ တမန်တော်ရှင်ပေါလူးပဲဖြစ်ပါတယ်။
ဤကျမ်းရေးပုဂ္ဂိုလ်များဟာ တစ်ပါးနဲ့တစ်ပါး အချင်းချင်းမမြင်ဖူးကြ၊ တိုင်ပင်၍ ရေးသားကြခြင်းလည်း မဟုတ်ကြ။
ရေခြား၊ မြေခြားတိုင်းတစ်ပါးစီ၌ မိမိတို့ကိုယ်စီ ရေးသားကြပေမယ့် ခရစ်တော်ဘုရားရှင်ဆိုတဲ့
ဦးတည်ချက်တစ်ခုတည်း ဖြစ်နေတာဟာဖြင့် အံ့သြစရာပင်ဖြစ်နေပါတယ်။ ဒီလိုစကားခြင်းလည်းကွဲ၊
ခေတ်ခြင်းလည်းလွှဲ၊ နေရာဒေသခြင်းလည်းမတူတဲ့ အခြားအခြားသော စာအုပ်များကို ပေါင်းကြည့်လိုက်မယ်ဆိုရင်
သမ္မာကျမ်းစာတော်မြတ်ကဲ့သို့ ဦးတည်ချက်တစ်ခုတည်းသို့ စုစည်းနေမည်လို့ ဘုန်းကြီးတော့မထင်။ ဒါကြောင့်လည်း သမ္မာကျမ်းစာတော်မြတ်ဟာ လူ၊ ခေတ်၊ နေရာ၊ ဘာသာစကားမတူကြတဲ့ ကျမ်းရေးပုဂ္ဂိုလ်များဟာ
တစ်ဆူတည်းသော ထာဝရအရှင်ဘုရားသခင်၏ ဝိညာဉ်တော်မြတ်ညွှန်ကြားမှုအောက်၌ ရေးသားခဲ့ကြကြောင်း ထင်ရှားပါပေတယ်။
အလက်ဇန္ဒြီးယား (Alexandria) သို့ သုံ့ပန်းများအဖြစ် ခေါ်ဆောင်ခြင်းခံခဲ့ကြရတဲ့
ဂျူးလူမျိုးများရဲ့ နောင်လာနောက်သားများဟာ ဟေဗြဲစကားမတတ်တော့ပဲ ဂရိစကားကိုသာ တတ်ကျွမ်းနားလည်ကြတော့တယ်။
ဘီစီ(၂၅ဝ)နှင့် (၃ဝဝ)နှစ်များအကြား အီဂျစ်ပြည်ကိုအုပ်စိုးတော်မူတဲ့ ဒုတိယမြောက်ဘုရင်
တိုလေမီဘုရင်ဖီလာဒဲဖုစ် (Pltolemy II Philedel Phur) မင်းမြတ်က မိမိရဲ့ ပြည်တော်အတွင်း
မှီတင်းနေထိုင်နေကြတဲ့ ဂရိစကားပြောဂျူးလူမျိုးများအတွက် ရည်ရွယ်၍ အလက်ဇန္ဒြီးယားမြို့ စာကြည့်တိုက်မှာ ထားဖို့အတွက် ပညာရှိသုခမိန် အယောက်(၇ဝ)တို့အား ဂျူးလူမျိုးတွေရဲ့ သန့်ရှင်းသောသမ္မာကျမ်းစာကို
ဘာသာပြန်ဆိုစေခဲ့ပါတယ်။ အဲ့ဒီဘာသာပြန်ဆိုထားတဲ့ကျမ်းစာအုပ်ကို ဆဲပ်တွာဂျဲင် (Septuagent) လို့ခေါ်တယ်။ ဟေဗြဲဘာသာစကားမှ ဂရိဘာသာစကားသို့ ဘာသာပြန်ဆိုပြီးသည့် အချိန်မှစ၍
ခရစ်သက္ကရာဇ် အေဒီ(၉ဝ)ခုနှစ်အထိ၊ ဓမ္မဟောင်းကျမ်း(၄၆)စောင်တိတိ ရှိခဲ့ပါတယ်။ အမိအသင်းaတ်ာကြီးကလည်း ဤဓမ္မဟောင်းကျမ်း (၄၆)ကျမ်းလုံးကို တရားဝင်ကျမ်းစစ်များအဖြစ် အတည်ပြုပေးရခြင်းအကြောင်းကတော့
ခရစ်တော်ဘုရားရှင်ကိုယ်တော်တိုင် ကျမ်းတတ်ပုဂ္ဂိုလ်များနဲ့ aဆွးနွေးခဲ့တဲ့အချိန်မှာ
ဤကျမ်း(၄၆)ကျမ်းများကို၊ ကိုးကားပြီး အထောက်အထားများပြပြီး တရားပေး ဖြေရှင်းခဲ့ခြင်းကြောင့်ဖြစ်တယ်။
ဒါပေမဲ့ ဂျုးဘာသာဝင်များနဲ့ ရှေးဦးခရစ်ယာန်များဟာ အယူဝါဒယုံကြည်မှုဆိုင်ရာများကို အငြင်းအခုံဖြစ်ကြတဲ့အခါမှာ၊ ရှေးဦးခရစ်ယာန်များက အဓိကထား ထောက်ပြခဲ့သောကျမ်းများကို ပြန်၍မချေပနိုင်သောကြောင့်
ခရစ်သက္ကရာဇ် အေဒီ (၉ဝ)တွင် - ဂျဲမီးဏီးယား (Jaminia) မြို့မှာ ဂျူးလူမျိုးများစည်းဝေး၍
ဒီကျမ်းများဟာ နိုင်ငံခြားတိုင်းတစ်ပါး၌ ဖြစ်ခဲ့သော ကျမ်းများဖြစ်သည်ဟုဆိုကာ အဓိကကျမ်းကြီး(၇)ကျမ်းနဲ့
ဒါနီအဲလ်ဟောစာတမ်းနဲ့ အက်စတာဝတ္ထုကျမ်းများရဲ့ အချို့သောကျမ်းပိုဒ်တချို့ကို ဟေဗြဲကျမ်းထဲမှ
တရားဝင် ပယ်လိုက်ကြပါတော့တယ်။ ဒါကြောင့် ဟေဗြဲကျမ်းထဲမှ ဓမ္မဟောင်းကျမ်း (၃၉)ကျမ်းသာ ကျန်တော့တယ်။
ခရစ်သက္ကရာဇ်(၉ဝ)ခုနှစ်ကတည်းကစပြီး၊ ဂရိဘာသာစကားနဲ့ရေးသားထားတဲ့
ဓမ္မဟောင်းကျမ်းပေါင်း(၄၆)ကျမ်း ရှိနေခဲ့ပေမယ့် ဟေဗြဲဘာသာရပ်စကားနဲ့၊ တစ်နည်းပြောရရင်၊
ပါလက်စတိုင်းမှာရှိနေတဲ့ ဂျုးစကားပြော၊ ဂျုးဘာသာဝင်တွေအတွက် ၊ ဟေဗြဲဘာသာစကားနဲ့ ရးသားထားတဲ့
ဓမ္မဟောင်းကျမ်းမှာတော့ (၃၉)ကျမ်းသာ လက်ခံကြတော့တဲ့အတွက် အဓိကကျမ်းကြီး(၇)ကျမ်း၊ ဒါနီအဲလ်ဟောစာတမ်းနဲ့ အက်စတာဝတ္ထုကျမ်းများရဲ့ အချို့သောကျမ်းပိုဒ်တချို့ကို ရှေးဦးခရစ်ယာန်များနဲ့
ဘာသာရေးငြင်းခုန်ရာတွင် ရှုံးနိမ့်မှုကြောင့်၊ ဟေဗြဲကျမ်းမှ ပယ်ချပစ်လိုက်ကြတော့တယ်။
ဂျူးလူမျိုးတွေဟာ နှစ်ပေါင်း(၄ဝဝ)မျှလောက် လက်ခံယုံကြည်ခဲ့ကြပြီး၊ ပယ်ထုတ်လိုက်တဲ့ ကျမ်းမှာ
-
(၁) တိုဘိဝတ္ထု၊ (The Book of Tobit or Tobias)
(၂) ဂျူဒစ်ဝတ္ထု၊ (The Book of Judith)
(၃) ပညာပါရမီကျမ်း၊ (The Wisdom of Solomon)
(၄) နီတိဒေသနာကျမ်း (Ecclesiasticus of Sirah)
(၅) ဘာရုဟောစာတမ်း၊ (The Book of Baruch)
(၆) မက္ခာဘေဦးသမိုင်း ပထမတွဲ၊ (The First Book of Macabees)
(၇) မက္ခာဘေဦးသမိုင်း ဒုတိယတွဲ (The Second Book of Macabees) စတဲ့ကျမ်းကြီး (၇)ကျမ်းများနဲ့ အချို့သောကျမ်းပိုဒ်များဖြစ်ကြတဲ့
ဒံယေလအနာဂတ္တိကျမ်းနဲ့ ဧဿတာဝတ္ထု ကျမ်းပိုဒ်များပဲဖြစ်ကြပါတယ်။ အဲဒီအချိန်ကစပြီး ခရစ်ယာန်များအတွက်
မူရင်းကျမ်းစာမှာ၊ ဂရိဘာသာစကားဖြင့်ရေးသားထားတဲ့ ဆဲက်ပ်တွာဂျင် ကျမ်းစာအုပ်ပဲ ဖြစ်ပါတယ်။
ဓမ္မသစ်ကျမ်း (၂၇)စောင်လုံးမှာလည်း၊ ဓမ္မသစ်ကျမ်းရေးပုဂ္ဂိုလ်များက ဂရိဘာသာစကားဖြင့် ရေးသားတော်မူခဲ့ကြပါတယ်။ ခရစ်သက္ကရာဇ် (၃၈၂)ခုနှစ်၊ ရာစုအားဖြင့်(၄) ရာစုတွင်၊
ရဟန္တာသူတော်မြတ် စိန်ဂျေရုမ်းအရှင်မြတ်မှ၊ ဂရိဘာသာစကားမှ လက်တင်းဘာသာစကားသို့ ဘာသာပြန်ဆိုခဲ့တဲ့
ဗားလ်ဂိတ် (Vulgate) သမ္မာကျမ်းစာတော်မြတ်တွင်၊ ဂျုးလူမျိုးများပယ်ခဲ့တဲ့ ဒီကျမ်းများကို
ခရစ်ယာန်တိုင်းသိဖို့အတွက်၊ အပိုင်းလိုက် သီးသန့် ဘာသာပြန်ဆိုပြီး ဖေါ်ပြထားတာတွေ့နိုင်ပါတယ်။
ခရစ်သက္ကရာဇ်(၁၅၂၄)ခုနှစ် နောက်ပိုင်း၊ အမိကက်သလစ်အသင်းတော်ကြီးမှ မာတင်လူသာရဲ့ ပရိုတက်စတန်ခရစ်ယာန်အသင်း ခွဲထွက်သွားတဲ့အခါ
ကျမ်းဂရိတ်မူရင်း ဆဲပ်တွာဂျင် ကျမ်းစာအုပ်ကိုပယ်ပြီး ဟေဗြဲကျမ်းစာအုပ်ကိုပဲ အခြေပြုလိုက်တဲ့အတွက်
ပရိုတက်စတန် ခရစ်ယာန်သမ္မာကျမ်းစာအုပ်ထဲမှာ ဓမ္မဟောင်းကျမ်း(၃၉) စောင်သာကျန်ပါတော့တယ်။
မာတင်လူသာနောက်လိုက်များမှ၊ ဓမ္မဟောင်းကျမ်းစာအချို့ကို ပယ်ရုံမက ဓမ္မသစ်ကျမ်းအချို့ကိုလည်း
ပယ်ခဲ့ကြပြန်ပါတယ်။ လူသာရဲ့ပရိုတက်စတန်အသင်းက ပယ်လိုက်တဲ့ ဓမ္မသစ်ကျမ်းတစ်ချို့ကတော့
(၁)ရှင်ယာကုပ်သြဝါဒစာ၊ (၂)ဟေဗြဲသြဝါဒစာ၊ (၃)ရှင်ယုဒသြဝါဒစာ၊
(၄)ဗျာဒိတ်ကျမ်းများပဲဖြစ်ပါတယ်။ နောက်ပိုင်းကျမှ အခြားသောပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းခွဲများက
ဓမ္မသစ်ကျမ်း (၂၇)စောင်လုံးကို လက်ခံခဲ့ကြလို့၊ လူသာရဲ့ပရိုတက်စတန် ခရစ်ယာန်အသင်းဂိုဏ်းက
မိမိတို့ပယ်ခဲ့တဲ့ဓမ္မသစ်ကျမ်းများကို ပြန်လည်လက်ခံလာခဲ့တော့တယ်။ ဓမ္မဟောင်းကျမ်းကိုတော့၊
ဟေဗြဲဘာသာဂျုးကျမ်းကိုပဲ လက်ခံလိုက်တဲ့အတွက် (၃၉)စောင်သာ ယနေ့ထိတိုင် လက်ခံကြပါတော့တယ်။
ဒီလို ပါလက်စတိုင်းက ဂျူးများနဲ့၊ ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းကွဲများက ဓမ္မဟောင်းကျမ်းမှ (၇)ကျမ်းပယ်လိုက်ခြင်းကို
အမိကက်သလစ်အသင်းတော်ကြီးက မိမိရဲ့ဘာသာဝင်သားသမီးများ သံသယမကင်း မဖြစ်စေရန်အတွက် ခရစ်သက္ကရာဇ်
(၁၅၄၆) ခုနှစ်တွင် တြင်းမြို့ သံဃာယနာတင်အစည်းအဝေးပွဲကြီးကို ပြုလုပ်ပြီး ထိုကျမ်းများသည်
အမိကက်သလစ်အသင်းတော်ကြီးအတွက် တရားဝင်၍ သန့်ရှင်းသော သမ္မာကျမ်းစာများဖြစ်ကြောင်း 'အခြားသောကျမ်းများ
နှင့်တန်းတူ ညီတူ လက်ခံရိုသေကြရမည်' ဖြစ်ကြောင်း တရားဝင် အတိအလင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ခရစ်သက္ကရာဇ် (၁၄၅၆)ခုနှစ်တွင် Maing မိန်းဇ်မြို့မှာ လက်တင်းဘာသာစကားနဲ့
ပထမဦးဆုံးပုံနှိပ်ထားသော သမ္မာကျမ်းစာအုပ်အဖြစ် ပထမဦးဆုံးစာအုပ်တစ်အုပ်အဖြစ်၊ သမ္မာကျမ်းစာအုပ်ကို
ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီပထမဦးဆုံးစာအုပ်အဖြစ်၊ ပထမဦးဆုံး ပုံနှိပ်သမ္မာကျမ်းစာအဖြစ်
စာပုံနှိပ်စက်တီထွင်ခဲ့တဲ့ John Gutenberg ဂျွန်ဂူတင်ဘတ်ရဲ့ ပုံနှိပ်စက်ဖြင့် ရိုက်နှိပ်
ထုတ်ဝေခဲ့ပါတယ်။ ဂျွန်ဂူတင်ဘတ်ဟာ၊ ကက်သလိခ်ဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ခရစ်သက္ကရာဇ်
(၄ဝဝ)မှ (၁၄၄ဝ) ခုနှစ်များ အတွင်း၌၊ သမ္မာကျမ်းစာလိပ်များကို ကက်သလိခ် ရသေ့ရဟန်းများက
သားရေချပ်များအပေါ် တူးယူရေးသားခဲ့ကြရပြီး လက်ဆင့်ကမ်း ဖြန့်ဝေခဲ့ရပါတယ်။ ထိုမူရင်းကျမ်းစာလိပ်များကို
အမိအသင်းတော်ကြီးက ထိန်းသိမ်းထားလျှက်ရှိပါတယ်။
ခရစ်သက္ကရာဇ် (၁၄၅၆ ခုနှစ်မှ ၁၅၂ဝ) ခုနှစ်များအတွင်း
သမ္မာကျမ်းစာကို လက်တင်ဘာသာစကားဖြင့် အကြိမ်ပေါင်း (၁ဝဝ)၊ ဂျာမန်ဘာသာစကားဖြင့် အကြိမ်ပေါင်း(၂၇)ကြိမ်၊
အီတလီဘာသာစကားဖြင့် အကြိမ်ပေါင်း(၂၅)ကြိမ်၊ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ထို့အပြင် ပြင်သစ်၊
စပိန်၊ ဟန်ဂေရီ၊ အခြားအခြားသော ဘာသာစကားများဖြင့်လည်း ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းဂဏ္ဍများ ပေါ်ပေါက်မလာမှီ၊ အမိအသင်းတော်ကြီးက သမ္မာကျမ်းစာအုပ်ကို အကြိမ်ပေါင်း(၆၂၆)ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။
ခရစ်သက္ကရာဇ် (၁၅၂၂)ခုနှစ် ပရိုတက်စတန်တို့ ပထမဦးဆုံး ရိုက်နှိပ်ထုတ်ဝေသော သမ္မာကျမ်းစာအုပ်မှာ၊
ဂျာမာန်ဘာသာစကားဖြင့် မာတင်လူသာက ဘာသာပြန်ဆိုပြီး ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဓမ္မသစ်ကျမ်းစာပဲဖြစ်ပါတယ်။
နောက်ပိုင်း၌ အမိအသင်းတော်ကြီးနှင့်တကွ ပရိုတက်စတန်ခရစ်ယာန်ဂိုဏ်းကွဲများ၊ ကမ္ဘာ့သမ္မာကျမ်းစာအသင်းကြီးနှင့် ကျမ်းစာထုတ်ဝေရေး အသင်းအဖွဲ့များရဲ့
လက်တွဲကြိုးစား၊ ကြိုးပမ်းမှုကြောင့် အထူးသဖြင့် (၂ဝ)ရာစုနဲ့ (၂၁)ရာစုများမှာ သိပံ္ပပညာတိုးတက်လာမှုကြောင့်၊
ဘာသာစကားမျိုးစုံဖြင့်၊ အကြိမ်ပေါင်း များစွာပုံနှိပ်ထုတ်ဝေလျှက် အထပ်ထပ် အကြိမ်ကြိမ်
ရှုထောင့်သစ်၊ အမြင်သစ်၊ မျက်မှောက်ခေတ် သုံးစကားလုံးများဖြင့် ဘာသာပြန်ဆိုခြင်းများ
ပြုလုပ်နေကြောင်း သိရှိနိုင်ပါတယ်။
သမ္မာကျမ်းစာတော်မြတ်နဲ့ပတ်သတ်ပြီး အသင်းတော်ရဲ့သွန်သင်ချက်ကို
အတိုချုပ်ဖေါ်ပြရမယ်ဆိုရင် (၁) သမ္မာကျမ်းစာအုပ်ထဲတွင် ပါဝင်နေသော သန့်ရှင်းမြင့်မြတ်သောကျမ်းများသည်
ခရစ်တော်ဘုရားရှင်အကြောင်းကို တူညီစွာ ညွှန်ပြမြွက်ဟ ဖေါ်ပြနေကြ ပြီး ခရစ်တော်ဘုရားရှင်၌
အဆုံးသတ်နေကြသည်။ (၂) သမ္မာကျမ်းစာအုပ်ထဲ၌ ပါဝင်နေသောကျမ်းများဟာ ဘုရားသခင်ရဲ့ အလင်းကျေးဇူးတော်အောက်၌ ရေးသားခြင်းခံရပြီး၊
ဘုရားသခင်ရဲ့စကားတော်၊ ဗျာဒိတ်တော်များနှင့်ပြည့်နေသော ဘုရားသခင်၏ နှုတ်ကပါတ်တော် ဖြစ်ပါတယ်။
(၃) သမ္မာကျမ်းရေးတဲ့ မူရင်းပုဂ္ဂိုလ်ဟာ ဘုရားရှင်ဖြစ်ပြီး၊ လူသားကျမ်းရေးပုဂ္ဂိုလ်ဟာ သခင်ဘုရားရဲ့
အလင်းကျေးဇူးတော်အောက်၌ အထူးအသုံးတော်ခံရ၍၊ လူသားအားလုံး ကယ်တင်ခြင်းခံစားရဘို့အတွက်
အမှားအယွင်းကင်းစင်လျှက် သမ္မာတရားတော်ကို ရေးသားတော်မူပါတယ်။ (၄) သမ္မာကျမ်းစာတော်မြတ်ကို
အနက်အဓိပ္ပါယ် ဖေါ်ပြရာမှာ ၊ လူသားများကို ကယ်တင်ခြင်းချမ်းသာ ရစေချင်လွန်းသော၊ မိမိရဲ့အလိုတော်မြတ်ကို ဖေါ်ပြနေကြောင်း၊
ဘုရားရဲ့မေတ္တာတော်ဆန္ဒကို အာရုံစူးစိုက်အနက်ဖွင့်ဖို့ လိုအပ်ပါတယ်။ (၅) အမိအသင်းတော်ကြီးဟာ မိမိရရှိထားတဲ့ ဓမ္မဟောင်းကျမ်း (၄၆)ကျမ်းနဲ့ ဓမ္မသစ်ကျမ်း (၂၇)
ကျမ်းတို့ကို ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်အဖြစ် ရိုသေလေးမြတ်ခြင်း ပြုရပါတယ်။ (၆) သမ္မာကျမ်းစာများထဲမှာ
၊ ခရစ်ဝင်ကျမ်း၊ ဧဝံဂလိကျမ်း လေးစောင်ကို ဗဟိုပြုထားပါတယ်။ ဘာကြောင့်လဲဆိုရင် ခရစ်တော်ဘုရားရှင်ဟာ
ကျမ်းအားလုံးရဲ့ ဗဟိုအချက်အချာ ဖြစ်နေလို့ပါပဲ။ (၇) ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းဟာ
ဘုရားသခင်ရဲ့ တစ်ခုတည်းသော အကြံအစည်တော်ဖြစ်တဲ့ ကယ်တင်တော်မူခြင်း ဆိုတဲ့ အလိုတော်၌ တစ်လုံးတစ်ဝတည်းအဖြစ် ပေါင်းစပ်နေတဲ့ဗျာဒိတ်တော် ဖြစ်ပါတယ်။ (၈) အမိအသင်းတော်ကြီးက ကိုယ်တော်ရှင်ရဲ့ ခန္ဓာတော်ဖြစ်တဲ့ ကိုယ်တော်မြတ်ကို
ကြည်ညိုလေးမြတ်သလို၊ သမ္မာကျမ်းစာတော်မြတ်ကိုလည်း ထိုကဲ့သို့ကြည်ညိုလေးမြတ်လျက်ရှိနေပါတယ်။
(Mandalay Archdiocese မှ Rev. Fr. Dominic Jo Du
ဖြေကြားပြုစုရေးသားထားသော ဘာသာရေးအမေးအဖြေ စာအုပ်မှ
ကူးယူဖော်ပြခြင်းဖြစ်ပါသဖြင့် ယုံကြည်စိတ်ချစွာဖြင့်
ဖတ်ရှု လက်ခံနိုင်ပါကြောင်း)
No comments:
Post a Comment