လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

ခရူစူးမှတ်သားခြင်း၏ အဓိပ္ပါယ်



ခရူစူးအမှတ်အသားပြုလုပ်ခြင်းသည် ယေဇူးခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံသူတိုင်း ဂုဏ်ယူစရာ ကျင့်ကြံမှုတစ်ခုပင်ဖြစ်သည်။
ခရူစူးအမှတ်အသားပြုလုပ်ခြင်းသည် လွယ်ကူစွာနှင့် လေးနက်စွာဖြင့် သခင်ခရစ်တော်ကို သက်သေခံခြင်းဖြစ်ပြီး ခရစ်ယာန်တို့၏ ယုံကြည်ခြင်းသည် အသက်ရှင်သော ယုံကြည်ခြင်းဖြစ်ကြောင်း အချိန်တိုင်းတွင် သက်သေခံခြင်းပင်ဖြစ်သည်။
အေဒီ (၁၄၄) ခုနှစ်တွင် Antioch မြို့တွင် သီတင်းသုံးနေထိုင်တော်မူသော ဆရာတော် အီညားဆီအူး (St. Ignatius)သည် လောကသားတို့အလယ်တွင် ခရစ်ယာန်များအား သိသာစေရန် အမှတ်အသားအဖြစ် ခရူစူးမှတ်သားခြင်းကို စတင်အသုံးပြူစေခဲ့သည်။
ခရူစူးအမှတ်အသားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ -
၁) ခရူစူးသည် ခရစ်ယာန်တို့၏ ကယ်တင်ခြင်းအမှတ်တံဆိပ် (ဗျာဒိတ် ၂၂း ၄)
၂) ခရူစူးသည် ခရစ်ယာန်တို့၏ အောင်လံတော်
၃) ခရူစူးမှတ်သားခြင်းသည် ခရစ်ယာန်တို့၏ အမှတ်သင်္ကေတဖြစ်သည်။
သို့သော် ယခုမျက်မှောက်ခေတ်ကာလတွင် ပိုမိုလေးနက်ကျယ်ပြန့်သော အဓိပ္ပါယ်ဖော်ဆောင်နေသည်ကို လေ့လာသိရှိရသည်။ ထို့ကြောင့် ခရူစူးအမှတ်အသားပြုလုပ်ခြင်းသည် -
၁) ခရစ်ယာန်တို့၏ အမှတ်တံဆိပ် (၂၂း ၄)
၂) ခရစ်ယာန်တို့၏ အောင်မြင်ခြင်း လက္ခဏာ
၃) ကယ်တင်ခြင်းပေးသော ခရစ်တော်သခင်၏ ခရူစူးတော်ကို အောက်မေ့သတိရခြင်း။
၎) ခရစ်ယာန်များ တစ်လုံးတစ်ဝတည်း တည်ရှိခြင်း၏ မြင်သာထင်ရှားသော အမှတ်လက္ခဏာ ( ၁ ကော ၁း၁၀)
၅) ပုဂိုလ်သုံးပါး တစ်ဆူဘုရားကို သက်သေခံခြင်း (မာတေးဦး ၃း ၁၆-၁၇၊ လုကား ၃း ၂၂၊ မာကု ၁း ၁၀-၁၁၊ ၁ယော ၅း၇)
၆) ခရစ်တော်ယေဇူးနှင့်အတူ မိမိလက်ဝါးကားတိုင်ခံထမ်းခြင်းကို သက်သေခံခြင်း။ (လုကား ၉း ၂၃)
၇) ခရစ်တော်နှင့်အတူ အသေခံ၍ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်ပြီး၊ ကိုယ်တော်နှင့်အတူ ဘုန်းတော်ဝင်စားရမည့်အကြောင်း သက်သေခံခြင်း။ (ကောလောသဲ ၃း ၃-၄)
၈) ခရူစူးတံကျင်ပေါ်တွင် အပြစ်နှင့်အတူသေ၍ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတွင် အသက်ရှင်သော ခရစ်ယာန်တစ်ဦးဖြစ်ကြောင်း အပြုအမူအားဖြင့် သက်သေခံခြင်း စသည့်နက်နဲသိမ်မွေ့လှသော အဓိပ္ပါယ်များကို ဖော်ဆောင်လျှက်ရှိသည်။
ခရူစူးမှတ်သားခြင်း ပြုလုပ်ရာတွင် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် တစ်လုံးတစ်ဝတည်းဖြစ်၍ တစ်ဆူတည်းသောဘုရားဖြစ်ကြောင်းကို သက်သေခံသည်ဟု ဆိုရာတွင် -
၁) ခမည်းတော် - ခမည်းတော်ဘုရားသည် ဖန်ဆင်းတော်မူ၏
၂) သားတော်    - သားတော်ဘုရားသည် အပြစ်သားတို့ကို ပြန်လည်၍ ကယ်တင်တော်မူ၏
၃) သန့်ရှင်းသောဝိညာဉ်တော် - သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားသည် ယုံကြည်သူတို့အား သန့်ရှင်းစေတော်မူ၏ ဟူ၍ဖြစ်သည်။

No comments: