(၁၇) ကြိမ်မြောက်သာမာန် တနင်္ဂနွေ
ဒီနေ့ဒုတိယကျမ်းဖြစ်တဲ့ ဧဖက်သြ၀ါဒစာမှာ " ထို့ကြောင့်သင်တို့သည် မိမိတို့ခံယူရရှိသော
ခေါ်တော်မူခြင်းနှင့် ထိုက်တန်သည့် ဘ၀အသက်တာကို လိုက်နာကျင့်ကြံကြမည့်အကြောင်း သခင်ဘုရားအတွက် အကျဉ်းသားဖြစ်သောငါသည် တိုက်တွန်းနှိုးဆော်လိုက်ပါ၏" ဆိုပြီး သံပေါလူးက
ပြောထားပါတယ်။
မိမိတို့ခံယူရရှိသော ခေါ်တော်မူခြင်းဆိုတဲ့အတွက် ခေါ်တော်မူခြင်းအမျိုးမျိုးရှိတယ်
ဆိုတာကို ခန့်မှန်းလို့ရပါတယ်။ခေါ်တော်မူခြင်းအမျိုးမျိုးရှိပေမယ့် အဓိကအားဖြင့် သုံးမျိုးခွဲခြားနိုင်တယ်။
သူတော်စင်အဖြစ်ခေါ်တော်မူခြင်း၊ အိမ်ထောင်သည်အဖြစ်ခေါ်တော်မူခြင်း နဲ့ အပျိုကြီး၊ လူပျိုကြီးအဖြစ်
ခေါ်တော်မူခြင်းတွေပဲဖြစ်တယ်။ ခေါ်တော်မူခြင်းတွေ ဘယ်လိုပဲကွဲပြားပါစေ အဓိကရည်ရွယ်ချက်ဖြစ်တဲ့
သခင်ခရစ်တော်နဲ့အတူပေါင်းစပ်ပြီး ဘုရားရှင်ရဲ့အလိုတော်ကို လိုက်နာဆောင်ရွက်ဖို့ကတော့ အတူတူပဲ
ဖြစ်ပါတယ်။ ဒါကြောင့် သူတော်စင်ကလည်း သူတော်စင်ဘ၀နဲ့ ဘုရားရှင်အလိုတော်ကို လိုက်နာဆောင်ရွက်ဖို့လိုသလို အိမ်ထောင်သည်တွေ အပျိုကြီး လူပျိုကြီးတွေကလည်း ကိုယ့်ဘ၀နဲ့ကိုယ်
ဘုရားရှင်ကို အစေခံပြီး ကိုယ်တော်ရှင်နဲ့အတူ ပေါင်းစပ်အသက်ရှင်ရမယ်။ ဒုတိယကျမ်းမှာ သံပေါလူးပြောထားသလို ဘုရားရှင်ကိုအစေခံတဲ့နေရာမှာ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ တစ်ဦးကိုတစ်ဦး ချစ်ခြင်းမေတ္တာနဲ့ အနစ်နာခံခြင်းတွေကို ကျင့်ကြံကြရမယ်။
ဒီနေ့ ဧ၀ံဂေလိကျမ်းမှာတော့ သခင်ခရစ်တော်ဘုရားရှင်က မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်ကို မိမိရဲ့တန်ခိုးတော်နဲ့ ပွားများပြီး လူငါးထောင်ကျော်ကို ကျွေးမွေးခဲ့တာကို ဖတ်ရှုကြားနာခဲ့ရတယ်။ အကန့်အသတ်တွေ ရှိနေတဲ့ ကျွန်တော်တို့လူသားတွေရဲ့ လူ့အမြင်၊ လူ့အတွေးနဲ့ဆို ဒီအရာက လက်ခံနိုင်ချေ / ဖြစ်နိုင်ချေ အင်မတန်မှ နည်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သိထားရမှာက ဘုရားရှင်အတွက် မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာပဲကိုပါ။ အဲဒီလိုပဲ ဘုရားရှင်ကို အကြွင်းမဲ့ ယုံကြည်သူတွေအတွက် မဖြစ်နိုင်တာဆိုတာ မရှိပါဘူး။ "In the hand of God, nothing is impossible" ဆိုတာကို ဒီဖြစ်ရပ်က သက်သေပြနေပါတယ်။ နောက်တစ်ချက်အနေနဲ့ သခင်ခရစ်တော်ဟာ လူတွေကို
ကျွေးမွေးတဲ့အခါ ဒီအတိုင်း ခမည်းတော်ဘုရားထံ ဆုတောင်းပြီး သူ့ရဲ့တန်ခိုးတော်နဲ့ ကျွေးလို့ရပါတယ်။ ဒါပေမယ့် Cooperation လို့ခေါ်တဲ့ လူတွေရဲ့ပူးပေါင်းပါဝင်မှုကို လိုချင်တဲ့အတွက် "သင်တို့မှာ ဘာရှိလဲ" ဆိုပြီး မေးခဲ့ပြီး မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ရတဲ့အခါမှာ ကျေးဇူးတော်ကိုချီးမွမ်းပြီး ကောင်းကြီးပေးလိုက်တဲ့ခါ လူငါးထောင်ကို ကျွေးမွေးခဲ့တာတောင် ပိုလျှံခဲ့တယ်။ ကလေးငယ်လေးသာ ငါ့မှာ မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်ပဲရှိတာ ဘယ်လိုလုပ်ပြီး ဒီလူငါးထောင်ကျော်ကိုကျွေးမလဲလို့ အတွေးဝင်ခဲ့ရင် ဒီအဖြစ်အပျက်ဟာ ဖြစ်ပျက်လာပါ့မလား??? ဒါကြောင့် ကျွန်တော်တို့တစ်တွေလည်း ကိုယ့်မှာ အရည်အချင်း နည်းနည်းပဲရှိတယ်ဆိုပြီး အားမငယ်ပါနဲ့။ ဘုရားရှင်ကို ယုံကြည်အပ်နှံပြီး ကိုယ့်ရဲ့ အရည်အချင်းကို အသုံးပြုပါ။ ဘုရားရှင်အကြောင်းကို ဟောပြောသက်သေခံတဲ့နေရာမှာလည်း ဘုရားရှင်အကြောင်းကို ပြည့်ပြည့်စုံစုံသိမှ စပြီး သက်သေခံမယ်ဆို ဘယ်တော့မှ သက်သေခံဖြစ်မှာ
မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဘုရားရှင်အကြောင်းကို ဘယ်လူသားမှ ပြည့်ပြည့်စုံစုံ မသိနိုင်လို့ဖြစ်တယ်။ အဲဒါကြောင့်သိသလောက် ရှိသလောက်နဲ့စပြီး ဟောပြော သက်သေခံပါ။ ဘုရားသခင်ကောင်းကြီးပေးပါလိမ့်မယ်။ ဘုရားရှင်အလိုရှိတာက ကိုယ့်မှာရှိတဲ့ အရည်အချင်းအစွမ်းအစကို
ကိုယ့်အတွက် ကိုယ့်ပတ်ဝန်းကျင်အတွက် ကောင်းတဲ့ဘက်မှာ အသုံးချဖို့ဖြစ်တယ်။ အပြစ်ကလွဲလို့ ကျွန်ုပ်တို့ဘာပဲလုပ်လုပ် ဘုရားရှင်ကိုယ်တော်ဟာ ကြည့်ပြီးပြုံးနေတယ်။ ကိုယ်တော်ရှင်က သူပေးထားတဲ့
အစွမ်းအစ အရည်အချင်းတွေကို ကျွန်တော်တို့ အသုံးပြုလေလေ ကျေနပ်ပျော်ရွှင်လေဖြစ်တယ်။
ဒါကြောင့် ဒုတိယကျမ်းမှာ သံပေါလူးလမ်းညွှန်ထားတဲ့ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်းမေတ္တာ စတဲ့ ပါရမီတွေကို ကြိုးစားကျင့်ဆောက်တည်သွားကြပါစို့...ပါရမီဆိုတာ ၀ယ်လို့မရပါဘူး။ ကိုယ်တိုင်ကျင့်မှ ကိုယ်ရမှာပါ...အဲဒါကြောင့် ကြိုးစားဆောက်တည်ကြရအောင်..
နောက်ပြီးတော့ ဒီနေ့ကြားနာခဲ့ရတဲ့ ဧ၀ံဂေလိကျမ်းထဲက ကလေးငယ်လေးကို အတုယူပြီး ကိုယ့်မှာရှိတဲ့ အရည်အချင်း အစွမ်းအစတွေကို အကောင်းမွန်ဆုံး အများအတွက် အသုံးပြု ကြပါစို့......
Subscribe to:
Post Comments (Atom)
No comments:
Post a Comment