လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

မလွယ်သော်လည်း လုပ်သင့်သောအရာများ


တစ်ပါးသူ၏ အားနည်းချက်ကို ပြစ်တင်ဝေဖန်နေမည့်အစား သူ့အားနည်းချက်မှ ဘဝအတွက်သင်ခန်းစာယူလိုက်ပါ။ သင်ကိုယ်တိုင်လည်း မပြည့်စုံသူဆိုတာ သတိရနေပါ။

    တစ်ပါးသူ၏ အပြစ်များကို ပြန်လည်တုန့်ပြန် စဉ်းစားနေမည့်အစား သူ့အပြစ်အတိုင်း ကိုယ်မကျူးလွန်မိဖို့ကြိုးစားလိုက်ပါ။ သင်ကိုယ်တိုင်လည်း အပြစ်နဲ့မကင်းသူဆိုတာ သတိထားပါ။
    တစ်ပါးသူ၏ မသိနားမလည်တတ်မူကို ညည်းညူပြောဆိုနေမည့်အစား ကိုယ်ကတစ်ပါးသူကို ဘယ်လိုနားလည်ပေးနိုင်မလဲဆိုတာကိုဘဲတွေးလိုက်ပါ။ သင်ကိုယ်တိုင်လည်း သိတတ်မြင်တတ်လှသူမဟုတ်ဘူးဆိုတာ စိတ်၌မှတ်ထားပေးပါ။
    တစ်ပါးသူ၏ မချစ်ခင်တတ်မှုကို မျက်မှောင်ကုတ်နေမည့်အစား ကိုယ်ကဘယ်လိုအချစ်နဲ့ ခင်တတ်ချစ်တတ်မလဲဆိုတာကိုဘဲ စဉ်းစားလိုက်ပါ။ သင်ကိုယ်တိုင်လည်း စစ်မှန်ဖြူစင်စွာ မချစ်နိုင်သေးသူဆိုတာ သိထားပါ။
    တစ်ပါးသူ၏ ခွင့်မလွှတ်နိုင်ခြင်းကို အရေးတယူလုပ်နေမည့်အစား ခွင့်လွှတ်ခြင်း၏ အနှစ်သာရကို လက်တွေ့ခံစားနိုင်ဖို့ဘဲ တွေးတောလိုက်ပါ။ သင်ကိုယ်တိုင်လည်း အပြည့်အဝ ခွင့်လွှတ်တတ်ဖို့ အချိန်ယူကုစားရတယ်ဆိုသည်ကို သတိရပါ။
    တစ်ပါးသူ၏ တစ်ကိုယ်ကောင်းဆန်မှုကို ဝေဖန်ပုတ်ခပ်နေမည့်အစား စွန့်လွှတ်အနစ်နာခံခြင်း၏ အနှစ်သာရကို ကိုယ်ဘယ်နှစ်ကြိမ်ခံစားဖူးပြီလဲ ဆိုသည်ကိုဘဲ ဆန်းစစ်လိုက်ပါ။ သင်ကိုယ်တိုင်လည်း အတ္တမာနနှင့်မကင်းသူဆိုသည်ကို မှတ်ထားပါ။
    တစ်ပါးသူ၏ နှမြောတွန့်တိုတတ်မှုကို စိတ်ဒုက္ခရောက်ခံစားနေမည့်အစား ကိုယ်ကဘယ်လိုစိတ်နဲ့ ပေးကမ်းစွန့်ကြဲတတ်သလဲဆိုတာကိုဘဲ မေးခွန်းထုတ်လိုက်ပါ။ သင်ကိုယ်တိုင်လည်း အပြည့်အဝရက်ရောနိုင်သူမဟုတ်ဘူးဆိုတာ သိထားပါ။
    တစ်ပါးသူ၏ လဲကျ ကျဆုံးမှုများကို အပြစ်တင်စော်ကားပြောဆိုနေမည့်အစား သူဘာကြောင့်ကျဆုံးသလဲဆိုတာကို ဆန်းစစ်ပြီး ဘဝအတွက်သင်ခန်းစာယူလိုက်ပါ။ သင်ကိုယ်တိုင်လည်း အမြဲတမ်းအောင်မြင်နေသူမဟုတ်ဘူးဆိုတာ သိမှတ်ပါ။
    တစ်ပါးသူ၏ မလုပ်တတ်မူကို စိတ်တိုဒေါပွနေမည့်အစား လူ့သဘာဝ၏ မပြည့်စုံခြင်းသဘောနိယာမကို နားလည်နိုင်အောင်သာ ကြိုးစားလိုက်ပါ။ သင်ကိုယ်တိုင်လည်း အရာရာမလုပ်နိုင်ဘူးဆိုသည်ကို လက်ခံပါ။
    တစ်ပါးသူ၏ တိုးတက်ပြောင်းလဲနေမှုကို မနာလို သဝန်တိုနေမည့်အစား သူ၏ကြိုးစားအားထုတ်မှုကို ချီးကျူးပြောဆိုတတ်ဖို့ အားထုတ်လိုက်ပါ။ သင်ကိုယ်တိုင်လည်း အောင်နိုင်သူဖြစ်နိုင်သည် ဆိုသည်ကို သတိစွဲနေပါ။

(၂၀၁၄ - ၂၀၁၅ ခုနှစ် တောင်ကြီးဝိညာဉ်ရေးရာ ရဟန်းဖြစ်တက္ကသိုလ်
ဝိညာဉ်ပျိုးခင်း အမှတ်စဉ် (၁၂) မှ တင်ပြသည်)


No comments: