လေ့လာ၊ ဖတ်မှတ်၊ သင်ယူခဲ့သည့်အရာများထဲမှ ကောင်းနိုးရာရာများကို ၀ါသနာစိတ်အရင်းခံဖြင့်သာ ပြန်လည်ဝေငှခြင်းဖြစ်ပါကြောင်း

(၂၃) ကြိမ်မြောက် သာမန်တနင်္ဂနွေ



    ဒီနေ့ကြားနာခဲ့ရတဲ့ သမ္မာကျမ်းစာတွေဟာ ကျွန်တော်တို့ ခရစ်ယာန်ဘ၀အသက်တာအားလုံးအတွက် ကျင့်ကြံရမယ့် တာဝန်တွေ၊ ရှောင်ကျဉ်ရမယ့် အရာတွေကို ထောက်ပြထားပါတယ်။
ဒီနေ့ ပထမကျမ်းမှာ ယောရှုကျမ်းမှာ ကျွန်ုပ်တို့သည် ထာဝရဘုရားမှလွဲ၍ မည်သည့်ဘုရားကို ကိုးကွယ်ရမည်နည်းဆိုပြီး ကျွန်တော်တို့အတုယူစရာတစ်ခုအနေနဲ့ ကြားနာခဲ့ရတယ်။ ဆာလံကျမ်းမှာတော့ “ဘုရားရှင်၏ ကောင်းမြတ်ခြင်းကို မြည်းစမ်း၍ ကြည့်ကြလော့ဆိုပြီး တိုက်တွန်းအားပေးထားပါတယ်။ ကျွန်တော်တို့ လောကလူသားတွေဟာ အစားကောင်းတစ်ခုစားရရင်ပဲဖြစ်ဖြစ်၊ ဆိုင်ကောင်းကောင်းတွေ့ရင်ပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူတွေကို သတိရတတ်သလို သူတို့ကိုပါ စားစေချင် ဆိုင်ကောင်းလေးတွေကို သွားစေချင်လို့ လမ်းညွှန်တတ်ကြတယ်။ ဒီနေ့ဆာလံကျမ်းကို ပြုစုတဲ့သူကလည်း ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကို သူပြောလို့ သိတာမျိုး၊ လက်ခံတာမျိုး မဟုတ်ဘဲ ကိုယ်တိုင်ပဲ ဘုရားရှင်ရဲ့ ကောင်းမြတ်တော်မူခြင်းကို မြည်းစမ်းဖို့ ဖိတ်ခေါ်ထားပါတယ်။ တစ်စုံတစ်ခုရဲ့ ကောင်းခြင်း၊ဆိုးခြင်းကို ကိုယ်တိုင်တွေ့ကြုံမှ သူများကို ပြောပြလမ်းညွှန်နိင်တယ်။ ကိုယ့်မှာ မရှိတာကို သူများကို ပေးလို့မရဘူးဆိုတာ လောကနိယာမပဲမဟုတ်လား။ ဒါ့ကြောင့် ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကို ကိုယ်တိုင် သိရှိနားလည် ခံစားပြီး ကိုယ့်ရဲ့အသိုင်းအ၀ိုင်း၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုပါ ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကို ခံစားနိုင်ဖို့ လမ်းညွှန်နိုင်အောင် ကြိုးစားကြပါစို့….
    ဒုတိယကျမ်းမှာတော့ လင်နဲ့မယားရဲ့ပေါင်းစပ်ခြင်းကို ခရစ်တော်နဲ့ အသင်းတော်ရဲ့ပေါင်းစပ်ခြင်းနဲ့ တင်စားထားတာကို တွေ့ရတယ်။ ခရစ်ယာန်အိမ်ထောင်ရှင်တွေသာမက ကမ္ဘာပေါ်မှာ ရှိတဲ့ အိမ်ထောင်စုတိုင်းအတွက် အလွန်အတုယူစရာကောင်းလှပါတယ်။ အသင်းတော်ဟာ ခရစ်တော်ရဲ့စကားကို နာခံသလို ဇနီးမယားကလည်း မိမိလင်ယောင်္ကျားရဲ့ စကားကိုနားထောင်ရမယ်။ ခရစ်တော်ဟာ အသင်းတော်ကို ကြည့်ရှုစောင့်ရှောက်သလို လင်ယောင်္ကျားကလည်း မိမိဇနီးမယားကို ပြုစုစောင့်ရှောက်ရမယ်။ အိမ်ထောင်စုတိုင်းသာ ခရစ်တော်နဲ့အသင်းတော်ကို အတုယူမယ်ဆို “broken family” ဆိုတာ ရှိလာမှာမဟုတ်သလို အဖေတကွဲ၊ အမေတကွဲနဲ့ နေနေရတဲ့ ကလေးတွေလည်း ရှိလာမှာမဟုတ်ပါဘူး။ မိဘတိုင်းသာ မိဘ၀တ္တရားကျေပြွန်မယ်ဆို မိဘမဲ့ဂေဟာတွေမှာ ကလေးတွေ ရှိလာမှာမဟုတ်ပါဘူး။ ခရစ်ယာန်တွေရဲ့ လက်ထပ်ခြင်းဟာ ဘုရားကျောင်းထဲမှာ ဘုရားရှေ့လူရှေ့မှာ ရာသက်ပန် မခွဲမခွါအတူနေပါ့မယ့်။ အေးအတူပူအမျှရှိနေမယ်ဆိုပြီး ကတိသစ္စာတွေ ထားခဲ့ကြတယ်။ အိမ်ထောင်သက်တွေ ကြာလာတဲ့အခါမှာ ဒီကတိတွေဟာ ပျောက်ကွယ်သလိုဖြစ်လာတတ်တယ်။ အဲလိုအချိန်မှာ ခရစ်ယာန်တို့ရဲ့ချစ်ခြင်းမေတ္တာရေနဲ့ ပက်ဖြန်းပြီး ရှင်မာတေးဦး ( ၁၉း၆ ) ဘုရားရှင် ပေါင်းဖက်ပေးထားသောအရာကို လူသည်မခွဲခွါစေနှင့်” ဆိုတဲ့ ကျမ်းချက်လေးကိုသတိရပါ။ နောက်ဒီနေ့ ဒုတိယကျမ်းထဲကလို သင်တို့သည် နှစ်ဦးတစ်သားတည်းဖြစ်သည် ဆိုတာကို သတိရပြီး နှစ်ကိုယ့်တစ်စိတ်ဖြစ်အောင် ကြိုးစားပြီး ခရစ်တော်နဲ့ အမိအသင်းတော်ရဲ့ ပေါင်းစပ်ခြင်းကို အမြဲအတုယူနိုင်အောင် ကြိုးစားသွားကြပါစို့…


  ဒုတိယကျမ်းမှာပဲ ကျွန်တော်တို့ ခရစ်ယာန်အားလုံးအတွက် ဂုဏ်ယူစရာ အချက်ကတော့ (၅း၃၀) “ငါတို့သည် ကိုယ်တော့်ခန္ဒာတော်၏ အစိတ်အပိုင်းများဖြစ်ကြသည်”ဆိုတဲ့ အချက်ပဲဖြစ်တယ်။ ခန္ဒာကိုယ့်ရဲ့ အစိတ်အပိုင်းတွေ အားလုံးဟာ တစ်ခုနဲ့တစ်ခုဆက်စပ်နေတယ်။ ဥပမာ- ကျွန်တော်တို့ ခန္ဒာကိုယ်ရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ ခေါင်း၊ ခြေ၊ လက် စတဲ့ နေရာတစ်ခုခုမှာ ကစားရင်းပဲဖြစ်ဖြစ်၊ လမ်းသွားရင်းပဲဖြစ်ဖြစ် ဒဏ်ရာရတဲ့အခါမှာ ကျန်တဲ့အစိတ်အပိုင်းတွေက ဟာ ငါနဲ့မှ မဆိုင်တာဆိုပြီး နေလို့မရပါဘူး။ ခေါင်းကိုက်တယ်ဆိုရင်တောင် ခြေနဲ့လက်တွေက ငါတို့နဲ့မှမဆိုင်တာ သူ့ဘာသာဖြစ်တာ သူ့ဘာသာခံပေါ့လို့ ပြောလို့ မရဘူး။ အကုန်လုံးဟာ ဆက်စပ်နေတာဖြစ်တဲ့အတွက် ခေါင်းကိုက်နေပေမယ့် ခန္ဒာကိုယ်တစ်ခုလုံးဟာ လှုပ်ရှားချင်စိတ် ကုန်ခန်းနေတတ်တယ်။ ခေါင်းတအားကိုက်လွန်းလို့ ရှုပ်ပါတယ် ဒီခေါင်းကိုဖြတ်ပစ်မယ် ခေါင်းမရှိလည်း ကျန်တဲ့အစိတ်အပိုင်းတွေရှိတာပဲ ဆိုပြီး လုပ်လို့မရပါဘူး။ အဲလိုလုပ်လိုက်တာနဲ့ အသက်ဆက်ရှင်ဖို့က မဖြစ်နိုင်တော့ဘူး။ သစ်ပင်ရဲ့ အကိုင်းအခက်တွေဟာ ပင်စည်နဲ့ကင်းကွာလို့မရသလို ကိုယ့်တော့်ခန္ဒာတော်ရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ ကျွန်တော်တို့တစ်တွေဟာလည်း ပင်စည်နဲ့တူတဲ့ ခရစ်တော်ရဲ့ ခန္ဒာကိုယ်မှာ အမြဲတည်ရှိနိုင်အောင် ကြိုးစားကြပါစို့…
   ဒီနေ့ရဲ့ အသက်ပေးတဲ့ ဧ၀ံဂေလိကျမ်းစာမှာ သခင်ခရစ်တော်ရဲ့ စကားလုံးတွေကို လက်မခံနိုင်လို့ တပည့်တော် အများစုဟာ ခရစ်တော်ဘုရားရှင်ဆီကနေ ထွက်ခွာသွားခဲ့ကြတယ်။ ဒီနေရာမှာ သခင်ခရစ်တော်ရဲ့ အမှန်တရားတွက်ပြုမူလိုက်တဲ့ အပြုအမူဟာ အတုယူစရာကောင်းပါတယ်။ သူ့ရဲ့သွန်သင်မှုကို လက်မခံနိုင်လို့ သူ့ဆီကနေ ထွက်ခွါသွားတဲ့ တပည့်တော်တွေကို ငါ့သွန်သင်ချက်ကို ပြန်ပြင်ပေးပါ့မယ်... ပြန်လာပါဆိုပြီး မပြောခဲ့ပါဘူး။ လောကခေါင်းဆောင်တွေနဲ့တော့ ကွာခြားလှပါတယ်။ သူ့ရဲ့နံဘေးမှာ အမြဲရှိပြီး သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ တပည့်တော်ကြီး တစ်ဆယ့်နှစ်ပါးကိုတောင် သင်တို့ရောသွားမလားဆိုပြီး မေးခဲ့ပါသေးတယ်။ ခရစ်တော်ရဲ့အမေးကို ပြန်ဖြေခဲ့တဲ့ သံပေတရုရဲ့အဖြေကလည်း အားကျ အတုယူစရာကောင်းလှပါတယ်။ ကိုယ်တော် တပည့်တော်တို့ ဘယ်ကိုသွားရမှာလဲ။ ထာဝရအသက်နှင့်ဆိုင်သော စကားသည် ကိုယ်တော်ဠ်ရှိ၏ ဆိုပြီး တပည့်တော်အားလုံးကိုယ်စား ပြန်ဖြေခဲ့တယ်။ တကယ်လို့ သံပေတရု နေရာမှာ ကျွန်တော်တို့ဆိုရင်ရော သူလို ပြန်ဖြေနိုင်ပါ့မလား။ သေချာစဉ်းစားကြည့်ကြရအောင်....
    ကျွန်တော်တို့ဘ၀အသက်တာမှာ သံပေတရုလို ဘုရားရှင်ရဲ့အနားမှာ နေမယ့်အစား တစ်ခြားတပည့်တော်တွေလို ဘယ်နှစ်ခါများ ဘုရားရှင်နဲ့ဝေးရာကို ထွက်ပြေးခဲ့သလဲ။ ဘယ်နှစ်ခါများ ထာဝရအသက်နဲ့ဆိုင်တဲ့ ခရစ်တော်ရှင်ရဲ့ တရားဒေသနာတော်ကို လျစ်လျူ ရှုခဲ့မိသလဲ။ အဲဒါတွေကို ပြန်စဉ်းစားရင် အပြစ်တွေအတွက် နောင်တရပြီး နောင်မှာ ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကို အမြဲသတိရပြီး ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ကို လိုက်နာကျင့်ဆောက်တည်ပြီး ကိုယ်တော်နဲ့အမြဲအတူရှိနိုင်အောင် ကြိုးစားသွားကြပါစို့............



No comments: