မေးခွန်း
(၄) ကက်သလစ်ဘာသာဝင်တွေက မယ်တော်မာရီယားကို ကိုးကွယ်ကြတဲ့သူတွေလို့ပြောကြပါတယ်။ ဟုတ်ပါသလား။
ဖြေ ။ ။
'လုံးဝမဟုတ်ပါဘူး' လို့ ဦးစွာဖြေလိုက်ပါရစေ။ ထင်ကြေးနဲ့ ရမ်းသမ်းပြီးစွပ်စွဲလိုက်တဲ့
စွပ်စွဲမှုတစ်ခုသာဖြစ်ပါတယ်။ ရှင်းအောင်ဆက်လက် ဖြေကြားပေးပါ့မယ်။
ကက်သလစ်သာသနာတော်ရဲ့ပါဠိတော်ဖြစ်တဲ့ လက်တင်
ဘာသာ ဝေါဟာရနှစ်လုံးကို ဦးစွာဖော်ပြပေးပါ့မယ်။ ပထမဝေါဟာရ တစ်လုံးကတော့ Latria ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အင်္ဂလိပ်လို
Adoration မြန်မာလိုကတော့ ကိုးကွယ်ခြင်းလို့အဓိပ္ပါယ်ရပါတယ်။
အမိကက်သလစ်သာသနာတော်ကြီးကနေ ပြတ်သားစွာသွန်သင် ထားချက်ကတော့ ဘုရားရှင်တစ်ဆူတည်းကိုသာကိုးကွယ်ရပါတယ်။
မယ်တော်ရှင်နဲ့သိကြားရဟန္တာသူတော်စင်သူတော်မြတ်တွေကို ဘုရားအမှတ်နဲ့ကိုးကွယ်လို့မရပါ။
ကက်သလစ်တွေက မယ်တော်ရှင်နဲ့ သိကြားရဟန္တာသူတော်စင်သူတော်မြတ်တွေကို ဖန်ဆင်းရှင်ဘုရားအဖြစ်
ကိုးကွယ်ခြင်းလုံးဝမပြုပါ။ တစ်ဆူတည်းသောဖန်ဆင်းရှင် ဘုရားသခင်ကို သာလျှင် ဘုရားအမှတ်ဖြင့်လက်ခံယုံကြည်လျက်
ကိုးကွယ်မှုကိုပြုကြပါ တယ်။ အခုဆက်လက်ပြီးဖော်ပြပေးမဲ့ ဒုတိယ ဝေါဟာရစကားလုံးက တော့ Dulia ဖြစ်ပါတယ်။ Dulia ရဲ့အဓိပ္ပါယ်ကတော့ အင်္ဂလိပ်လို Veneration မြန်မာလိုကတော့ သဒ္ဓါကြည်ညိုခြင်းပဲဖြစ်ပါတယ်။
ကက်သလစ်သာသနာတော်ကြီးအနေဖြင့် မိမိရဲ့သာသနာတော်ကြီး အတွင်းကနေ ပြောင်မြောက်စွာ သီလပါရမီများကိုဆည်းပူးပြီး
ဘုရား ရှင်၌ ဆောက်တည်ဆက်ကပ်သွားကြတဲ့ ရဟန္တာသူတော်စင်သူတော် မြတ်တွေကို သဒ္ဓါကြည်ညိုခြင်း
အမှုပြုကြပါတယ်။ ဂုဏ်ပြုကြပါတယ်။ စံပြုအတုယူကြပါတယ်။ သူတို့ရဲ့ဘုရားရှင်ထံဝိုင်းဝန်းဆုတောင်းပေးမှု
ထပ်ဆင့်ဆုတောင်းပေးမှုကို အစဉ်ခိုလှုံမှုပြုကြပါတယ်။ သူတို့ကို ဘုရား အမှတ်နဲ့လုံးဝကိုးကွယ်ခြင်းအမှု
မပြုကြပါ။
ကက်သလစ်ဘာသာဝင်တွေက ခရစ်တော်ဘုရားရှင်ရဲ့
မယ်တော်အပေါ်မှာ သဒ္ဒါကြည်ညိုမှုရှိတဲ့နေရာမှာ၊ ရဟန္တာသူတော်စင် သူတော်မြတ်တွေအပေါ်မှာထားရှိတဲ့သဒ္ဓါကြည်ညိုမှုထက်
ပိုပြီးသာ တယ်။ မယ်တော်ရှင်အပေါ်မှာထားရှိတဲ့သဒ္ဓါကြည်ညိုမှုကတော့ အရူး အမူးပဲလို့ဆိုရမှာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ခရစ်တော်ဘုရား ရှင်က မယ်တော်ရှင်ကိုသိပ်ပြီးချစ်မြတ်နိုးတယ်ဆိုတော့
ကက်သလစ် တွေကမယ်တော်ရှင်အပေါ်မှာထားရှိတဲ့ သဒ္ဓါကြည်ညိုခြင်းဟာ ရဟန္တာ သူတော်စင်သူတော်မြတ်တွေအပေါ်မှာထားရှိတ Dulia လို့ခေါ်တဲ့ Veneration သဒ္ဓါကြည်ညိုခြင်းထက်သာလွန်လှပါတယ်။
အဲဒီသဒ္ဓါကြည် ညိုခြင်းကို အင်္ဂလိပ်လို Exceptional Veneration အနှိုင်းမဲ့သဒ္ဓါကြည် ညိုခြင်းလို့ခေါ်ပါတယ်။
လက်တင်ဘာသာဝေါဟာရနဲ့ခေါ်ရင်တော့ Hyperdulia လို့ခေါ်ပါတယ်။ ဒီတော့ ကက်သလစ်ဘာသာဝင်တွေဟာ ဖန်ဆင်းရှင်ဘုရားသခင်ကို
ဘုရားရှင်အဖြစ်ကိုးကွယ်ကြပါတယ်။ ရဟန္တာ သူတော်စင်သူတော်မြတ်တွေအပေါ်မှာတော့ သဒ္ဒါကြည်ညိုခြင်းအမှုပြု
ကြပါတယ်။ မယ်တော်ရှင်အပေါ်မှာတော့ မယ်တော်ရှင်ဟာပိုပြီးမြင့်မြတ် လှတဲ့အတွက် အနှိုင်းမဲ့သဒ္ဓါကြည်ညိုခြင်းအမှုကို
ပြုကြပါတယ်။ ဘုရားရှင်ကိုဘုရားအဖြစ်နဲ့ကိုးကွယ်သနည်း မယ်တော်ရှင်ကို ဘုရား အဖြစ်နဲ့လုံးဝမကိုးကွယ်ကြပါ။
အထင်မှားအမြင်မှားဖြစ်နေတဲ့အကြောင်း ရင်းကတော့ အပြုအမူကတစ်ပုံစံတည်းဖြစ်နေလို့ပါ။ ဘုရားရှင်ကိုကိုး
ကွယ်တော့လည်း လက်အုပ်ချီလျက်ကိုးကွယ်ရတယ်။ ဦးညွှတ်လျက်၊ ဒူးထောက်လျက်ပြုကြရပြန်ပါတယ်။
ရဟန္တာသူတော်စင်သူတော်မြတ် တွေအပေါ်မှာ သဒ္ဓါကြည်ညိုခြင်းအမှုပြုကြပြန်တော့လည်း ဒီအတိုင်းပဲ
ပြုကြရပြန်ပါတယ်။
မိဘဆရာသမားကို လက်အုပ်ချီလျက်ကန်တော့ကြတယ်။
သက်ကြီးဝါကြီးများကို လက်အုပ်ချီလျက်ကန်တော့ကြတယ်။ သက်ကြီး ဝါကြီးများရှေ့၌ဖြစ်သန်းသွားလာကြတဲ့အခါမှာ
ဦးညွတ်ဂါဝရပြုလျက် အရိုအသေပေးကြရပြန်ပါတယ်။ နိုင်ငံတော်အလံကိုလည်း ဦးညွတ်လျက် ဂါဝရပြုကြရပါတယ်။
အလေးအမြတ်ပြုကြရပြန်ပါတယ်။
နိုင်ငံတော်အလံရှေ့မှာဦးညွတ်ဂါဝရပြုလို့၊
အလေးပြုလို့ နိုင်ငံတော်အလံကိုဘုရားအမှတ်ဖြင့်ကိုးကွယ်ခြင်းမဟုတ်ရပါ။ မိဘဆရာ သမား သက်ကြီးဝါကြီးများကို
လက်အုပ်ချီပြီးကန်တော့ကြလို့ မိဘဆရာ သမားများ၊ သက်ကြီးဝါကြီးများကို ဖန်ဆင်းရှင်ဘုရားအမှတ်ဖြင့်
ကိုးကွယ်ရာမရောက်ပါ။ ဒီအတိုင်းပါပဲ ရဟန္တာသူတော်စင်သူတော်မြတ် တွေအပေါ်မှာ သဒ္ဒါကြည်ညိုခြင်း၊
မယ်တော်ရှင်အပေါ်မှာ အနှိုင်းမဲ့သဒ္ဓါ ကြည်ညိုခြင်းအမှုပြုနေကြလို့လည်း ဖန်ဆင်းရှင်ဘုရားအမှတ်ဖြင့်
ကိုးကွယ်နေခြင်းမဟုတ်ပါ။
ဥပမာ - သမ္မာကျမ်းစာတော်မြတ်ထဲမှာ ကိုးကွယ်ခြင်းနဲ့ကြည်ညို
လေးမြတ်ပြုခြင်းပြုတဲ့နေရာ ပျတ်ဝပ်၍၊ ဦးညွတ်၍၊ ကြည်ညို လေးမြတ်မှု ပြုခြင်းတိုင်းဟာလည်း
ဘုရားအမှတ်ဖြင့်ကိုးကွယ်ခြင်းမဟုတ်ကြောင်း သာဓကများစွာတွေ့ရှိရပါတယ်။
(ဗျာဒိတ်ကျမ်း ၃း၉) ထဲမှာဖော်ပြထားတဲ့ ဖီလာဒဲဖီးယား
အသင်း တော်ရှိ ယုံကြည်သူတွေရဲ့ခြေရင်း၌ လာရောက်ပျက်ဝပ်ကြလိမ့်မယ်လို့ ဖော်ပြတဲ့နေရာမှာ
ကိုးကွယ်ခြင်းလို့မဆိုလိုပါဘူး။ လာရောက်ဂါဝရပြုခြင်း ကိုဆိုလိုခြင်းဖြစ်ပါတယ်။ (ကမ္ဘာဦးကျမ်း
၁၉း၁) ထဲမှာဖော်ပြထားချက် - လောတဟာ သောဒုံမြို့မှာကြွရောက်လာတဲ့ကောင်းကင်တမန်နှစ်ပါးကို
မြေ၌ဦးညွှတ်ချက်လျက်ခရီးဦးကြိုပြုတယ်လို့ ဖော်ပြထားပါတယ်။ ဒီနေရာမှာ လောတဟာ ကောင်းကင်တမန်နှစ်ပါးကို
ဘုရားရှင်အနေနဲ့ ကိုးကွယ်ခြင်းမဟုတ်။ အရိုအသေပေးခြင်းသာဖြစ်ပါတယ်။
(ကမ္ဘာဦးကျမ်း ၂၄း၅၂) ထဲမှာတော့ အာဗြံဟံရဲ့အစေခံကျွန်ဟာ
ထာဝရဘုရားရှင်ကိုဦးညွှတ်ချပြီးကိုးကွယ်တာကို ဖော်ပြထားပါတယ်။ ဒီနေရာမှာ ဦးညွှတ်ချခြင်းဟာ
သဒ္ဓါကြည်ညိုမှုသက်သက်မဟုတ်တော့ပါ။ ကိုးကွယ်မှုဖြစ်ပါတယ်။
(ကမ္ဘာဦးကျမ်း ၄၂း၆) ထဲမှာ အီဂျစ်ပြည်မှာဘုရင်ဖြစ်နေတဲ့
ဂျိုးဇက်ထံ မိမိရဲ့ညီအစ်ကိုများလာရောက်ပြီး ရှေ့တော်မှောက်မှာ ဦးညွှတ်ချကြတာဟာဖြင့်
ကိုးကွယ်ခြင်းမဟုတ်ပါ။ ကြည်ညိုလေးမြတ် ခြင်း၊ ဂါဝရပြုခြင်းသာဖြစ်ပါတယ်။
(ယောရှုမှတ်စာ ၅း၁၄)ထဲမှာ ယောရှုဟာထာဝရဘုရား၏
ကောင်းကင်တမန်ရှေ့မှာ ပျက်ဝတ်ကိုးကွယ်တယ်လို့ ဖော်ပြထားပါ တယ်။ ဒီနေရာမှာယောရှုဟာ ကောင်းကင်တမန်ကိုဘုရားရှင်အဖြစ်
ပျက်ဝတ်ကိုးကွယ်ခြင်းမဟုတ်ပါ။ ရိုသေလေးမြတ်မှု ပြုခြင်းသာဖြစ်ပါ တယ်။ (ဓမ္မရာဇဝင်ပထမစောင်
၂၈း၁၄)ထဲမှာ ရှာမွေလ(ဆာမြူအဲလ်) ကို ရှောလု (ဆောလူး)ဟာ မြေပေါ်မှာဦးညွှတ် ပျတ်ဝပ်တယ်လို့ဖော်ပြ
ထားပါတယ်။ ဒီလိုရှောလုရဲ့ပျတ်ဝပ်ဦးညွှတ်ခြင်းဟာ ဘုရားအမှတ်ဖြင့် ကိုးကွယ်ခြင်းမဟုတ်။
လေးမြတ်ခြင်းသာဖြစ်ပါတယ်။ (ဓမ္မရာဇဝင် ပထမ စောင် ၁း၂၃) ထဲမှာ ပရောဖက်နာသန်ဟာ ဒါဝိဒ်မင်းကြီးရှေ့မှာဦးချ
ပျတ်ဝပ်ခြင်းဟာ ဘုရားအမှတ်နဲ့ဒါဝိတ်မင်းကြီးကို ကိုးကွယ်နေခြင်း မဟုတ်။ အလေးအမြတ်ပြုခြင်းသာဖြစ်ပါတယ်။
(ဓမ္မရာဇဝင်စတုတ္ထစောင် ၂း၁၅) ထဲမှာ ပရောဖက်များရဲ့သား
သမီးများဟာ ဂျေရီခိုမြို့မှာ အေလီရှဲကိုမြေပေါ်မှာပျတ်ဝပ်ခြင်းဟာ ကိုးကွယ်ခြင်းမဟုတ်၊
ဂါရဝပြုခြင်းသာဖြစ်ပါတယ်။
(ရာဇဝင်ချုပ်ပထမစောင် ၂၉း၂ဝ)ထဲမှာ အစ္စရေးလူမျိုးဟာဦးချ၍
ထာဝရဘုရားကိုလည်းကောင်း၊ ရှင်ဘုရင်ကိုလည်း ကောင်းရှိခိုးကြ၏တဲ့။ ဒီနေရာမှာ အစ္စရေးလူမျိုးတွေဟာ
ဘုရားရှင်ကို ထာဝရဘုရားရှင်အဖြစ် နဲ့ကိုးကွယ်ကြပြီး ရှင်ဘုရင်ကိုရှိခိုး၍ ဂါရဝပြုခြင်းသာဖြစ်ပါတယ်။
(ရာဇဝင်ချုပ်ဒုတိယစောင် ၂၉း၂၉-၃ဝ) ထဲမှာ
ဟေဇကိမင်းကြီးနဲ့ စည်းဝေးသူ လူထုပရိတ်သတ်ကြီးဟာ ဒီနေရာမှာသူတို့ပြုကြတဲ့ ဦးညွှတ် ချ၍
ကိုးကွယ်ခြင်းဟာ ဘုရားအဖြစ်ရှိခိုးကြခြင်းဖြစ်ပါတယ်။
(တိုဘိဝတ္ထု ၁၂း၁၆) ထဲမှာ ဖခင်ဖြစ်သူတိုးဘိယနှင့်သားဖြစ်သူ
တောဘိတို့သည် ကောင်းကင်သိကြားတမန်တော်ရာဖါအဲလ်ရှေ့မှာ မြေပေါ်မှာပတ်ဝပ်လိုက်ကြခြင်းဟာ
ဂါရဝပြုခြင်းသာဖြစ်တယ်။ ဘုရားအဖြစ်ကိုးကွယ်လိုက်ခြင်းမဟုတ်။
(ဂျူဒစ်ဝတ္ထု ၁၄း၇) ထဲမှာ အာမိုနိုက်လူမျိုး
အာစီအော်က ဂျူဒစ်ရဲ့ရှေ့မှာညွှတ်တွားအရိုအသေပေးလျက် ထာဝရဘုရားကို ချီးမွမ်းတယ်တဲ့။
(ဆာလံကျမ်း ၁၃၈း၂) ထဲမှာတော့ ဒါဝိတ်မင်းကြီးဟာ
မွန်မြတ်သန့်ရှင်းလှတဲ့ဗိမာန်တော်အထဲမှာ ရိုသေဦးညွှတ်ခြင်းဟာ ထာဝရအရှင်ဘုရားသခင်ကို
ဘုရားအမှတ်နှင့်ကိုးကွယ်ခြင်းဖြစ်ပါတယ်။
(ဒါနီအဲဟောစာတမ်း ၂း၄၆)ထဲမှာဖော်ပြထားတဲ့
နေဘူးခါနေဇာ မင်းကြီးဟာ ဒါနီအဲလ်ကိုရှိခိုးကိုးကွယ်ပြီးလျှင် သူ့အားယာဇ်ပူဇော်ခြင်း
နှင့်လော်ဗန်နဲ့သာကိုပေးလျက် ထာဝရဘုရားအားပူဇော်စေခြင်းဟာ ဒါနီအဲလ်ကိုရိုသေဂါရဝပြုပြီး
ဒါနီအဲလ်အားဖြင့် ထာဝရဘုရားကို ကိုးကွယ်ဝတ်ပြုလိုက်ခြင်းဖြစ်ပါတယ်။
(ဒါနီအဲဟောစာတမ်း ၈း၁၇)ထဲမှာ ကောင်းကင်တမန်တော်
ဂါဗြီအဲလ်ရဲ့ရှေ့မှာ ပျတ်ဝပ်လိုက်ခြင်းဟာ ဒါနီအဲရဲ့ဂါရဝပြုခြင်းသာဖြစ် တယ်။ ကိုးကွယ်ခြင်းမဟုတ်။
(မက္ကာဘေးဦးသမိုင်းပထမတွဲ ၄း၎ဝ၊၅၅)ထဲမှာ
ဂျူဒနဲ့ယုံကြည် သူများပြုလုပ်ခဲ့တဲ့ပျတ်ဝပ်ရှိခိုးမှုဟာ ထာဝရဘုရားရှင်ကို ကိုးကွယ်ကြ
ခြင်းပဲဖြစ်ပါတယ်။
(မက္ကာဘေးဦးသမိုင်း ဒုတိယတွဲ ၁ဝး၎၊၂၆။၁၃း၁၂)ထဲမှာ
မက္ကာဘေးဦးနဲ့သူ့ရဲ့နောက်လိုက်များပြုခဲ့တဲ့ ပျတ်ဝပ်ကိုးကွယ်မှုဟာ ထာဝရဘုရားကိုကိုးကွယ်ခြင်းဖြစ်ပါတယ်။
ဒီတော့ ဂါရဝပြုခြင်း၊ သဒ္ဓါကြည်ညိုခြင်း၊ ကိုးကွယ်ခြင်းတွေပြုကြတဲ့နေရာမှာ ပုံစံကတူနေတဲ့
အတွက် ကက်သလစ်ဘာသာဝင်များကို မယ်တော်ကိုကိုးကွယ်သူဟု မှားယွင်းစွာယူဆလိုက်ခြင်းသာဖြစ်ကြောင်း
ရှင်းပြီလို့ထင်ပါတယ်။ ကက်သလစ်ဘာသာဝင်များက ဖန်ဆင်းရှင်ဘုရားသခင်ကိုသာ ဘုရားရှင် အဖြစ်ကိုးကွယ်ကြပါတယ်။
ရဟန္တာသူတော်စင်သူတော်မြတ်တွေအပေါ် သဒ္ဓါကြည်ညိုခြင်းအမှုကိုသာပြုကြပါတယ်။ မယ်တော်ရှင်အပေါ်မှာတော့
ဘုရားအဖြစ်နဲ့ကိုးကွယ်ခြင်းလုံးဝမပြုကြပဲ၊ အနှိုင်းမဲ့ သဒ္ဓါကြည်ညိုခြင်း အမှုကိုသာပြုနေကြကြောင်း
ဖြေကြားလိုက်ရပါတယ်။
(မန္တလေးကက်သလစ်ဂိုဏ်းချု ပ်သာသနာမှ ဘုန်းတော်ကြီး ဒိုးမိနစ် ဦးဂြိုလ်တု (Rev. Fr. Dominic Jo Du)
၏ ဘာသာရေးအမေးအဖြေများ စာအုပ်မှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment